ရှန်အယ်လ်ရှိတ်   အောက်တိုဘာ    ၁၄

ဂါဇာဒေသ    လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို အီဂျစ်နိုင်ငံ  ရှန်အယ်လ်ရှိတ်တွင် အောက်တိုဘာ ၁၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းထိပ်သီးဆွေးနွေးပွဲတွင် အစ္စရေးနှင့် ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို  တာဝန်ရှိသူများက  လက်မှတ်ရေးထိုးခဲ့သည်။

ယင်းထိပ်သီးဆွေးနွေးပွဲသို့   နိုင်ငံ  ၂၀ ကျော်မှ ခေါင်းဆောင်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး  အီဂျစ်သမ္မတ  အဗ္ဗဒဲဖတတ်အယ်လ် ဆီဆီနှင့် အမေရိကန်သမ္မတ ထရမ့်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။

၎င်းထိပ်သီးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ဂါဇာဒေသလက်နက်ကိုင်ပဋိပက္ခ  အဆုံးသတ်ရေးကို အခြေခံကာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုရရှိစေရေးအတွက်ဖြစ်ကြောင်း အီဂျစ်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ရှန်အယ်လ်ရှိတ်တွင် သုံးရက်ကြာ ဆွေးနွေးမှုများဆောင်ရွက် ပြီးနောက် အောက်တိုဘာ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်လာခဲ့သည်။  

အီဂျစ်သမ္မတ  အယ်လ်ဆီဆီ၊  အမေရိကန်သမ္မတ ထရမ့်၊ တူကီယဲသမ္မတ အာဒိုဂန်နှင့် ကာတာစော်ဘွား ရှိတ်တာမင်  ဗင်ဟာမက် အယ်လ်သာနီ  တို့သည် အောက်တိုဘာ  ၁၃  ရက်က  အီဂျစ်နိုင်ငံ၌   ပြုလုပ်သည့်    ဂါဇာဒေသ    လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ  သဘောတူညီချက်ကို  ပံ့ပိုးသည့်   ကြေညာချက်ကို   ထုတ်ပြန်ခဲ့သည်။  အနာဂတ်ကာလတွင်ဖြစ်ပွားမည့်     ပဋိပက္ခများကို    အင်အားသုံးဖြေရှင်းခြင်း ထက် သံတမန်နည်းလမ်းဖြင့်  ဖြေရှင်းဆောင်ရွက်မည်ဟု  ၎င်းတို့က  ကတိပြုခဲ့ကြသည်။ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြင့်သာ  အစ္စရေးနှင့် ပါလက်စတိုင်းဒေသခံများ၏ လူ့အခွင့်အရေး၊  လူမှုဘဝလုံခြုံရေးနှင့်  ဂုဏ်သိက္ခာတို့ကို  ကာကွယ်စောင့်ရှောက်နိုင်မည်ဟု ၎င်းတို့က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ