ဂိုးကန်သွင်းမှုအသာ၊ ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း  အဆုံးသတ်မသေချာမှုကြောင့် ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မန်စီးတီး

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၂)အဖြစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီအသင်းနှင့် ပရီမီယာလိဂ်ကလပ် မန်စီးတီး အသင်းတို့ပွဲစဉ်ကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပီအက်စ် ဂျီအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပီအက်စ်ဂျီအသင်းက ဂွီရီ၊ မက်ဆီတို့၏ သွင်းဂိုးများနှင့်အတူ နှစ်ဂိုး-ဂိုးမရှိဖြင့် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် အုပ်စု (A)တွင် ပီအက်စ်ဂျီအသင်းက နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် လေးမှတ်ဖြင့် ဦးဆောင်ထားသည်။ မန်စီးတီးအသင်းက နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် သုံးမှတ်ဖြင့် အုပ်စု တတိယနေရာတွင် ရပ်တည်နေသည်။

မန်စီးတီးအသင်းသည် နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း ပီအက်စ်ဂျီအသင်းထက် ဂိုးကန် သွင်းမှု ၁၂ ကြိမ်အထိ အသာရခဲ့သလို ဂိုးပေါက်တည့်မတ်မှုတွင်လည်း လေးကြိမ်အထိအသာ ရခဲ့သည်။ သို့သော်လည်း မန်စီးတီးအသင်း သည်တိုက်စစ်ကစားသမားများ၏အဆုံးသတ် အားနည်းမှုကြောင့်၊ ပြိုင်ဘက်ခံစစ် ကစားသမားများနှင့် ဂိုးသမားတို့၏ ကာကွယ်နိုင်မှု တို့ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ပီအက်စ်ဂျီအဖွင့်ဂိုးရ ပိုချက်တီနို၏ ပီအက်စ်ဂျီအသင်းသည် ယနေ့ပွဲစဉ်တွင် မက်ဆီ၊ အမ်ဘတ်ပီ၊ နေမာတို့ ဦးဆောင်ပွဲထွက်လာခဲ့သလို ပြိုင်ဘက် ဂွါဒီယိုလာ၏ မန်စီးတီးအသင်းကလည်း စတားလင်းကို အားပြုကာ ဂရီးလစ်ချ်၊ ဒီဘရိုင်း၊ မာရက်ဇ်တို့ဖြင့် ပီအက်စ်ဂျီအသင်းကို ရင်ဆိုင်လာခဲ့သည်။ ခံစစ်မာကျောပြီး တိုက်စစ်ပိုင်း ထက်မြက်သည့် အသင်းနှစ်သင်း တွေ့ဆုံနေ သည့်အတွက် ပွဲစသည်နှင့် တစ်ပြိုင်နက် အကြိတ်အနယ်ရှိခဲ့သည်။ ပွဲချိန် ရှစ်မိနစ်တွင် ပီအက်စ်ဂျီအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ဂ္ဂီရီက သွင်းယူပေးနိုင်ခဲ့သည်။ အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ပီအက်စ်ဂျီအသင်းကို မန်စီးတီး အသင်း ဖိအားပေးကစားနိုင်ခဲ့သည်။ သို့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းမရှိသောကြောင့် ပထမပိုင်းကို ပီအက်စ်ဂျီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

မက်ဆီ ဒုတိယဂိုးသွင်း ဒုတိယပိုင်းတွင်လည်း ပွဲချိန်အများစုကို မန်စီးတီးအသင်းကသာ ထိန်းချုပ်ကစားနိုင်သော်လည်း ဂိုးသွင်းယူမှုကို ပီအက်စ်ဂျီအသင်းကသာ ပြုလုပ်နိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် အမ်ဘတ်ပီ၏ ဖန်တီးမှုမှတစ်ဆင့် လီယွန်နယ်မက်ဆီက သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါ ဂိုးသည် ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံး ဂိုးဖြစ်သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၂၁ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မက်ဆီသည် ဘာစီလိုနာအသင်းမှ ထွက်ခွာပြီးနောက် ပီအက်စ်ဂျီအသင်း အတွက် လေးပွဲမြောက်တွင်မှ ဂိုးသွင်းယူနိုင်ခြင်းလည်း ဖြစ်သည်။

အဆုံးသတ်သေချာအနိုင်ရ

ယနေ့ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းသည် မန်စီးတီးအသင်းထက် ဂိုးကန်သွင်းမှုအားနည်း ခဲ့သော်လည်း အဆုံးသတ်ပိုင်းသေချာသည့်အတွက် ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီအသင်းသည် လာမည့်ပွဲစဉ်အဖြစ်အောက်တိုဘာ ၃ ရက်တွင် ရင်းနက်စ်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မန်စီးတီး အသင်းက ခါးသီးပြိုင်ဘက် လီဗာပူးအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်ရလဒ် ၊ အခြားသောပွဲစဉ်ရလဒ်များတွင် အေဂျက်ဇ် က ဘက်ဂျီးတပ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့်နိုင်ပြီး ရှက်တာဒိုးနက်နှင့် အင်တာမီလန်တို့ပွဲမှာ ဂိုးမရှိ သရေဖြစ်ခဲ့သည်။ ကလပ်ဘရုဂ်က လိုက်ပ်ဇစ်ကို နှစ်ဂိုး-တစ်ဂိုး၊ လီဗာပူးက ပေါ်တိုအသင်းကို ငါးဂိုး-တစ်ဂိုး၊ အက် သလက်တီကို မက်ဒရစ်အသင်းက အေစီ မီလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရသည်။

ရီးရဲမက်ဒရစ်ရှုံးနိမ့် ဒေါ့မွန်အသင်းက စပို့တင်းလစ္စဘွန်း အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းက ရှရစ်ဖ်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အောင်ဇော်