ဂေါ်ဖီထုပ်များ ယခင်နှစ်ထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အမြတ်ငွေပိုမိုရရှိ

ကောလင်း ဇန်နဝါရီ ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ ယောမြေနီ၊ ခွင်တောင်း၊ အောက်ဇီးဖြူပင်၊ လက်ပံကွေ့ စသည့်ကျေးရွာများနှင့် ဝန်းသိုမြို့နယ်အတွင်းရှိ မကျည်းကုန်း၊ ကြို့ကုန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ စိန်လည်၊ ရှမ်းစု၊ အောင်းကုန်း၊ သပြေသာ၊ ကြိုင်းခွင် စသည့်ကျေးရွာများသည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ဂေါ်ဖီထုပ်များ ယခင်နှစ်များထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အမြတ်ငွေပိုမိုရရှိကြောင်း သိရသည်။

 

“စိုက်ပျိုးရေးလုပ်ကိုင်ခဲ့တာ အနှစ် ၃၀ ကျော်ရှိခဲ့ပါပြီ။ ယခင်နှစ်တွေမှာ ဂေါ်ဖီထုပ်တစ်ထုပ်ကို ၆၀၀ ကျပ်စျေးကို ရောင်းကောင်းပြီ လိုထင်ခဲ့တာ။ ဒီနှစ်လို ဂေါ်ဖီထုပ် တစ်ထုပ် ၁၅၀၀ ကျပ်စျေးတစ်ခါမှ မရောင်းခဲ့ရဘူး။ ဒီနှစ်မှာတော့ အပင် ၂၀၀၀ စိုက်ပျိုးထားပါတယ်။ ဧကနှင့်ဆိုရင်တော့ သုည ဒသမ ၂၅ လောက်ပဲရှိမယ်ဗျ။ ကုန်ကျစရိတ်က ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စျေးမြင့်ခဲ့၍ ယခင်နှစ်တွေထက် ကုန်ကျစရိတ် ပိုမိုကုန်ကျပါတယ်။ အပင် ၂၀၀၀ စိုက်ကို မျိုးဖိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ စုစုပေါင်း ၇ သောင်းခန့် ကုန်ကျပါတယ်။ အပင် ၂၀၀၀ စိုက်ကို ယခုလက်ရှိ ၁၅၀၀ စျေးဖြင့် အထုပ် ၅၀၀ ရောင်းပြီး ဆက်လက်ရောင်းချလျက်ရှိပါတယ်။ ၁၅၀၀ ကျပ်စျေးနှုန်းက မကျဘူးဆိုရင် အမြတ်ငွေ ပိုမိုရရှိပါတယ်” ဟု လက်ပံကြီးတောကျေးရွာ စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးမြင့်စိုးက ပြောပြသည်။

 

ဂေါ်ဖီထုပ်စိုက်ပျိုးမည်ဆိုလျှင် ဘောင်များဖြင့် ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း တစ်လပြည့်လျှင် တစ်ပင်နှင့် တစ်ပေခွဲပတ်လည် စိုက်ခင်းထဲရွှေ့စိုက်ရကြောင်း၊ စိုက်ပင်များရှင်အောင် သုံးရက်ဆက်တိုက် ရေလောင်းပေးရကြောင်း၊ စိုက်ပင်များရှင်လျှင် နွားချေးဆွေးများကို တစ်ပင်လက်တစ်ဆုပ်ခန့် ထည့်ပေးပြီး ပေါင်းထိုးပေးရကြောင်း၊ အပင် ၂၀၀၀ စိုက်ကို စိုက်ပင် ၁၅ ရက်သားရလျှင် ယူရီးယား ၁ ပြည်နှင့် ယူရီးယား၊ ဖော်စဖိတ်စ်၊ ပိုတက် ၁၅ ပတ်လည်ပါဝင်သည့် ဓာတ်မြေသြဇာ ၂ ပြည်ကို ရေဖျော်လောင်းပြီး အပင်ရေဝအောင် ရေသွင်းပေးရကြောင်း၊ မြေများဖန့်လျှင် ပြန်လည ပေါင်းထိုးပေးပြီး စိုက်ပင် ၄၅ ရက်သားရလျှင် ယူရီးယား ၂ ပြည်နှင့် ယူရီးယား၊ ဖော်စဖိတ်စ်၊ ပိုတက် ၁၅ ပတ်လည်ပါဝင်သည့် ဓာတ်မြေသြဇာ ၂ ပြည်ကို ရေဖျော်လောင်းပြီး အပင်ရေဝအောင် ရေသွင်းပေးရကြောင်း၊ ပိုးသတ်ဆေးကို လိပ်ပြာယင်ဖြူနှင့် ငမြှောင်တောင်ပိုးများ ကျရောက်တတ်သဖြင့် ရောင်းရသည်အထိ သုံးကြိမ်လောက် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ စိုက်ပင် ၆၀ ရက်သားရလျှင် ဓာတ်မြေသြဇာကို ဒုတိယအချိုးအစားအတိုင်း ရေဖျော်လောင်းပေးပြီးလျှင် ရောင်းတန်းဝင်သည့် ဂေါ်ဖီထုပ်များ ရရှိပြီဖြစ်ကြောင်း ၎င်းက ဂေါ်ဖီထုပ် စိုက်ပျိုးနည်းကို ပြောပြသည်။

 

၎င်းကျေးရွာများသည် ဂန္ဓမာပန်း၊ မေမြို့ပန်း၊ သစ္စာပန်း၊ ငရုပ်၊ ကြက်သွန်၊ ခရမ်းချဥ်၊ ရုံးပတီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကိုက်လန် စသည့်သီးနှံများကို တောင်သူအများစုက စိုက်ပျိုးကြသော်လည်း တစ်ဦးလျှင် အများဆုံးအဖြစ် ဧကဝက်ခန့်ထိသာ စိုက်ပျိုးကြပြီး တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံကို မျှတစွာစိုက်ပျိုးခြင်းက ပိုမိုများသည်။ သီးနှံတစ်မျိုး စျေးမကောင်းပါက အခြားစျေးကွက်ကောင်းသော သီးနှံဖြင့် အကျိုးအမြတ် ပြန်ရရှိရန် ရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်သည်။

 

မြင့်ထွန်းမင်း(ကောလင်း)