ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂ သန်းကျော် ဖြစ်သွားတဲ့အတွက် တင်းကျပ်တဲ့ တားမြစ်မှုတွေ လုပ်ဆောင်ရန် ဝန်ကြီးချုပ် တိုက်တွန်း

၁၅ ဇန်နဝါရီ

 

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ၂ သန်းကျော်သွားကြောင်း ဒီနေ့(သောကြာနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။ ရောဂါပိုး ကူးစက်ခံသူ များလာတဲ့အတွက် ဝန်ကြီးချုပ် အင်ဂျလာ မာကယ် က ပိုးကူးစက်မှု လျော့နည်းရန် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ဖို့ တိုက်တွန်းပါတယ်။

 

 

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲက လူနေထူထပ်တဲ့ ဂျာမနီနိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၂,၃၆၈ ဦးရှိရာ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၂,၀၀၀,၉၅၈ ဦးရှိကြောင်း Robert Koch Institute (RKI) ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၂၄ နာရီအတွင်း ၁,၁၁၃ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၄၄,၉၉၄ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ဂျာမန်ဝန်ကြီးချုပ်ဟာ သူမရဲ့ CDU ပါတီရဲ့ ထိပ်တန်း အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပွဲအပြီး  လာမယ့် သီတင်းပတ် အတွင်းမှာ ကပ်ရောဂါပိုး ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေး အတွက် သိသာတဲ့ တင်းကျပ်သော တားမြစ်မှုတွေ ထပ်မံပြုလုပ်သွားမယ့်အကြောင်း သတင်းဌာနတွေကို ပြောကြားပါတယ်။

 

 

ဝန်ကြီးချုပ်က ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရန် မူလက ဇန်နဝါရီ ၂၅ ရက်နေ့လို့ သတ်မှတ်ထားခဲ့ပေမယ့် တွေ့ဆုံမှုကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရပါတယ်။

 

 

တင်းကျပ်တဲ့ စည်းမျဉ်းတွေအတွက် နယ်စပ်ဂိတ်တွေ စစ်ဆေးခြင်း၊ အရည်သွေးကောင်းတဲ့ မျက်နှာဖုံး FFP2 အမျိုးအစားဝတ်ဆင်ရန် တချို့နေရာတွေ သတ်မှတ်ခြင်းတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။ လူအများစုကိုလည်း နေအိမ်မှ အလုပ်လုပ်ရန် ညွှန်ကြားပါတယ်။

 

 

နိုဝင်ဘာလကစပြီး ဘားတွေ၊ အားကစားခန်းမတွေ၊ အပန်းဖြေနေရာတွေ ပိတ်ထားပြီး ဒီဇင်ဘာလကစပြီး ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေကို ပိတ်ထားခြင်းနဲ့ အိမ်ထောင်စု နှစ်စုသာ စုဝေးခွင့် ပြုခြင်း စတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

 

 

လူဦးရေ ၈၃ သန်းနေထိုင်တဲ့ ဂျာမနီနိုင်ငံမှာ ဒီဇင်ဘာလကုန်ပိုင်းကစပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေရာ မနေ့ကအထိ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းဟာ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးကြောင်း RKI ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

 

 

MDN

ကိုးကား - AFP