ဂျာမနီလေယာဉ် အင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီမှ အလုပ်နေရာပေါင်း ၁၀၀၀ လျှော့ချသွားမည်

ဘာလင် ၇ ဇူလိုင်  

 

ဂျာမနီလေယာဉ် အင်ဂျင်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော MTU ကုမ္ပဏီသည် အလုပ်နေရာပေါင်း ၁၀၀၀ ထက် မနည်းလျှော့ချသွားရန် စီစဉ်နေရသည်ဟု ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။

 

သတင်းထုတ်ပြန်

 

ကိုဗစ်-၁၉ပျံ့နှံ့မှုကြောင့် တစ်ကမ္ဘာလုံးရှိလေကြောင်း လုပ်ငန်းကို ရိုက်ခတ်လျက်ရှိပြီး ယင်းဖြစ်ရပ်၏ အကျိုးဆက်များကြောင့် ကုမ္ပဏီအနေဖြင့် အလုပ်နေရာ လျှော့ချရန် စီစဉ်နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် ဂျာမနီနှင့် အခြားနေရာများရှိ အလုပ်နေရာပေါင်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ရည်ရွယ်ထားသည် ဟု ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ ။

 

MTU ကုမ္ပဏီသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဌာနချုပ်ထားရှိပြီး ကမ္ဘာအနှံ့ လူပေါင်း ၁၀၀၀၀ ကျော်ကို အလုပ်နေရာ ဖန်တီးပေးထားသည်။ ယင်းကုမ္ပဏီသည် စစ်ဘက်သုံးနှင့် စီးပွားရေးသုံး လေယာဉ်များအတွက် အင်ဂျင်ထုတ်လုပ်ပေးပြီး အင်ဂျင်ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။ ကိုဗစ်-၁၉ကြောင့် လေကြောင်းလုပ်ငန်းမှာ ဖိအားများအောက်ရောက် နေရသည်ဟု စီအီးအို ရေနီးယားဝင့်ကလာက ပြောသည်။

 

အခက်ကြုံခဲ့ရ

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုအရှိန်ကို လျှော့ချရန်အလို့ငှာ မတ်လမှစတင်ပြီး ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ စတင်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာအနှံ့ရှိ လေကြောင်းလုပ်ငန်းမှာ အခက်ကြုံခဲ့ရသည်။ ဥရောပ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အဲဘတ်စ်သည်လည်း ကမ္ဘာအနှံ့ အလုပ်နေရာပေါင်း ၁၅၀၀၀ ကို လျှော့ချရန် စီစဉ်နေကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောကြား ခဲ့သည်။ လုပ်သားအင်အား၏ ၁၁ ရာခိုင်နှုန်းလျှော့ချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

အေအက်ဖ်ပီ