ပုသိမ် ဧပြီ ၁၄

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာန ဆိုင်ရာများနှင့် ရပ်ကွက်များမှ မဏ္ဍပ်များ၌ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပုသိမ်မြို့ပေါ်ရှိ ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ ကန်သုံးဆင့်ပန်းခြံ လူပျိုတို့ရွာ ရေကစားမဏ္ဍပ်သို့ သွားရောက်၍ ဖျော်ဖြေရေးအဖွဲ့၊ ယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားနေမှုကို ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအဖွဲ့နှင့် ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ ပြည်သူများကို ချစ်ကြည်ရင်းနှီးစွာ အတာရေပက်ဖျန်းပေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များ၊ သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့ကို ထည့်သွင်းကျင်းပလျက်ရှိ သည်။

ထို့ပြင် ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်း အဖွဲ့များ၏ ယိမ်းအကများ၊ နိုင်ငံကျော်တေးသံရှင် များ၏ သီဆိုဖျော်ဖြေမှုအစီအစဉ်များလည်း ပါဝင်ပြီး အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားကြသည့် ပြည်သူများအား သင်္ကြန်ရက်များအတွင်း စတုဒိသာများဖြင့် နေ့စဉ်ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)