ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၀/၂၀၂၀) ညှိနှိုင်းအစည်းအဝေး ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်

ပုသိမ်  ၁၃   မေ

 

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၀/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ၊လူမှုရေးအသင်းအဖွဲ့များက အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကို အားရကျေနပ်မှုရှိပြီး ယနေ့အထိ ရလဒ်ကောင်း များရရှိမှုက သက်သေတစ်ခု ဖြစ်ကြောင်း ၊ ဤကဲ့သို့အစည်းအဝေးများကျင်းပပြီး အားနည်းချက်၊ အားသာချက်များအပေါ် ကျေကျေလည်လည် သုံးသပ်အဖြေရှာ၍ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြ စေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

 

55558

 

ထို့နောက်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်အစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေများ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက “ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဆိုပါက မဖွင့်လှစ်မီ ပိုးသတ်ဆေးဖျန်းခြင်း အစရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန်ကိစ္စများ အားပြောကြား သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအတွင်း အိမ်အပြင်ထွက်ပါက နှာခေါင်စည်းများ  မဖြစ်မနေ တပ်ဆင်ရေး ဆောင်ရွက်ကြရန်နှင့် လူစည်ကားရာ နေရာများတွင် ဗီနိုင်းများစိုက်ထူရေး၊ တစ်နေ့လျှင် (၅) ကြိမ် အသံချဲ့စက်များဖြင့် မြို့တွင်းလှည့်လည် လှုံ့ဆော်အသိပေးရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအပေါ် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ရန်ကုန်မြို့မှ  Royal  Golden Power Co.,Ltd  ၊ Mann Cherry Group Company Limited  နှင့် SHWE SU SHEIN Engineering Co.,Ltd  တို့က ကိုဗစ်-၁၉ လုပ်ငန်း များ၏ လိုအပ်သော ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ကျပ် ၁၀ သိန်းစီအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်ဦးလှမိုးအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

                                                                                          

တိုင်းဒေသကြီးပြန်ဆက်