ဧရာဝတီမြစ်ကြောင်းဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ဇွန် ၆

ဧရာဝတီမြစ်၏ ရေအရင်းအမြစ်ကိုအသုံးပြုပြီး စိုက်ပျိုးရေပေးဝေရေးနှင့် မြစ် ကြောင်းသွားလာမှု ပိုမိုမြန်ဆန်စေရေးတို့အတွက် ဧရာဝတီမြစ်ကြောင်းဆိုင်ရာအချက်အ လက်များနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကဦးမော်သာထွေး၊ ဥက္ကဋ္ဌဦးစန်းဝေ နှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်၏ ရေအရင်းအမြစ်ကို  အသုံးပြု၍ စိုက်ပျိုးရေရရှိရေးနှင့် မြစ်ကြောင်းသွားလာမှုပိုမိုလွယ်ကူ လျင်မြန်စေရေးတို့အတွက် ဧရာဝတီမြစ်ကြောင်းဆိုင်ရာကို လေ့လာထားရှိမှုများအရ ရေလမ်းကြောင်းသွားလာမှု အခြေအနေ၊ ရေမျက်နှာပြင်အနိမ့် အမြင့်ကွာခြားမှု၊ ရေအတိမ်အနက်၊ ရေစီးနှုန်း၊ မြစ်ရေ ထုထည်စီးနှုန်း၊ သဲနုန်းပို့ချမှုနှင့် လျှောစောက်ပြေပြစ်မှုအခြေအနေတို့နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာများကို တက်ရောက်လာကြသည့်ပညာရှင်များက အကြံပြုဆွေးနွေးပေးရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ဧရာဝတီမြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်နိုင်မည့်အခြေအနေနှင့် နိုင်ငံတကာအတွေ့အကြုံရှိသည့် အတိုင်ပင်ခံအင် ဂျင်နီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ဧရာဝတီမြစ်ကြောင်းတစ် လျှောက်နှင့် အနီးပတ်ဝန်းကျင်တွင် ပြတ်ရွေ့ရှင်များတည်ရှိသောကြောင့် မြေငလျင်ဆိုင်ရာ လေ့လာဆောင်ရွက်ရန်လိုအပ်မှု၊ ဧရာဝတီမြစ်သည်မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်ပြီး နှစ်စဉ်သဲနုန်းအနည်ပို့ချမှုများသောကြောင့် သဲသောင်ထွန်းမှုများဖြစ်ပေါ်သဖြင့် မြစ်ကြောင်း ထိန်းသိမ်းမှုလုပ်ငန်းနှင့်  သဲနုန်းအနည်ပို့ချမှုများကို စနစ်တကျစီမံ ခန့်ခွဲရန်အတွက် အသေး စိတ်လေ့လာဆောင်ရွက်ရန်လိုအပ်မှု၊ သဲနုန်းပို့ချမှုကြောင့် မြစ်ကြမ်းပြင်အထူမြင့်တက်လာ ပါက ရေမျက်နှာပြင်မြင့်တက်လာမည်ဖြစ်ပြီး မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်သည့် အတွက် ရေအမြင့်(၁)ပေမြင့်တက်လျှင် မြစ်အထက်ပိုင်း၌ ရေကြောင်းအလျား(၃)မိုင်ခန့် ရေထောက်နိုင်ခြေရှိမှု၊ ရေမျက်နှာပြင် မြင့်တက်သဖြင့် ရေလွှမ်းဧရိယာဖြစ်ပေါ်နိုင်မည့် အခြေအနေများလည်းရှိနိုင်ပါသဖြင့် အဆိုပါအခြေအနေများကို ပြေလည်နိုင်စေမည့် နည်း ပညာပိုင်းဆိုင်ရာ အသေးစိတ်စူးစမ်းလေ့လာမှုများ ဆောင်ရွက်သွားရန်လိုအပ်မှု၊ သဘာဝ ပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်တို့အပေါ် အသေးစိတ်လေ့လာဆောင်ရွက်သွား ရန်လိုအပ်မှု၊ ထိုသို့ ဆောင်ရွက်သွားရာတွင် ကွင်းဆင်းလေ့လာခြင်း(Reconnaissance Study)၊ အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း (Pre-feasibility Study)၊ ဖြစ်မြောက်နိုင်စွမ်း လေ့ လာခြင်း (Feasibility Study)၊ အသေးစိတ်ဒီဇိုင်းပုံစံတွက်ချက်ခြင်း (Detail Design)၊ စီမံကိန်း ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်း (Project Cost Estimation)၊ ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်ချက်(Financial Analysis)နှင့် စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှုများကို အဆင့်ဆင့် လေ့လာဆောင်ရွက်သွားရန်လိုအပ်မှုနှင့် ဧရာဝတီမြစ်ကြောင်းကို ထိန်းသိမ်းမှုဆောင်ရွက်မှ သာလျင် မြစ်ဝကျွန်းပေါ်ဒေသ ရေငန်ဝင်ရောက်မှုနှင့်စိုက်ပျိုးမြေ ဧရိယာလျော့နည်းလာမှုတို့ကို ကာကွယ်သွားနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်