ဒူဘိုင်းမြို့၌ကျင်းပသည့် Special Olympics WORLD Games ပြိုင်ပွဲတွင် အောင်ပွဲရ Special Olympics Myanmar အသင်းအားကြိုဆို

ရန်ကုန် ၂၃ မတ်

 

UAE နိုင်ငံ ဒူဘိုင်းမြို့၌ မတ် ၈ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့သော  Special Olympics WORLD GAMES 2019 ပြိုင်ပွဲတွင် Special Olympics Myanmar အသင်းကစားနည်းသုံးမျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲတွင် Special Olympics Myanmar အသင်းမှ စုနန္ဒာဝင်းက မီတာ ၁၀ဝ လမ်းလျှောက်တွင် ရွှေတစ်ခု ၊ ထွန်းတာရာက မီတာ၂၀ဝ အပြေးတွင် ရွှေတစ်ခု  ခင်လပြည့်က မီတာ ၁၀ဝ နှင့် မီတာ၂၀ဝ အပြေးတွင် ငွေတစ်ခုစီ၊ သီဟကျော်ဆန်းက မီတာ၂၅ အပြေးတွင် ငွေတစ်ခု နှင့် မီတာ ၅၀ အပြေးတွင် ကြေးတစ်ခု နှင့် ခိုင်ဇာသွယ်က ဘိုချီပြိုင်ပွဲတွင် ကြေးတစ်ခုတို့ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။

 

“ဒီပြိုင်ပွဲက လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ကလေးတွေက မြန်မာနိုင်ငံကိုယ်စားပြု ကမ္ဘာ့အလယ်မှာ သွားရောက်ယှဉ်ပြိုင်ရတာ ဂုဏ်ယူမိတယ်။ ဒီပြိုင်ပွဲမှာ ဉာဏ်ရည်မမီ မသန်စွမ်းပါတယ့်အတွက်ကြောင့် ကလေးတွေရဲ့မျက်နှာကိုကြည့်ပြီး နွေးထွေးမှုပေးရပါတယ်။ ဆုရခြင်းမရခြင်း ပဓာနမထားဘဲ ကျန်းမာရေး ပျော်ရွှင်မှုနဲ့ စားသောက်မှုကို ပေးရပါတယ်။ ဆုတံဆိပ်များရလို့ပျော်ရွှင်ရပါတယ်။ ကမ္ဘာ့ပြိုင်ပွဲမှာ ကလေးတွေရဲရဲဝင့်ဝင့်ယှဉ်ပြိုင်နိုင်တဲ့အတွက်ကြောင့် ဂုဏ်ယူမိပါတယ်”ဟု ဒုတိယအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးအောင်ကပြောသည်။ 

 

ယင်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ခန့်ပါဝင်ပြီး ကစားသမား ၇၀ဝ၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

 

Special Olympics Myanmar အသင်းအဖွဲ့ခေါင်းဆောင်ဦးစိန်ဝင်း ၊ ဒုတိယအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးအောင်၊ နည်းပြသုံးဦးနှင့် အားကစားသမားကိုးဦးတို့သည်မတ် ၂၂ ရက်ညနေပိုင်းက ရန်ကုနမြို့သို့ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးဦးဗလကျော်သူ နှင့်ကစားသမားများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ Special Olympics Myanmar အသင်းသည် ၂၀၁၃ ခုနှစ်က သြစတြေးလျနိုင်ငံတွင် ကျင်းပခဲ့သည့် Special Olympics WORLD GAMES ပြိုင်ပွဲတွင် ငွေနှစ်ခု၊ ကြေးတစ်ခုရရှိခဲ့သည်။ ယင်းပြိုင်ပွဲကို၂၀၂၃ ခုနှစ်တွင် ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး

 

DSC_88