ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၆ 

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယ စာရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသည့်  နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု နယ်ပယ်သည်  ဘဏ္ဍာငွေရရှိမှုအရင်းအမြစ်များ တိုးမြင့်ရရှိအောင် ဆောင်ရွက်ရေး၊ အသုံးစရိတ် များ စနစ်တကျခွဲဝေရေး၊ ခွဲဝေပေးသောအသုံးစရိတ်များကို ထိရောက်စွာ အကျိုးရှိရှိသုံးစွဲနိုင်မှု ရှိ/မရှိ စောင့်ကြည့်သတ်မှတ်ရေးစသည့် အဆင့်အလိုက် လုပ်ငန်းစဉ်များစွာဖြင့် ကျယ်ပြန့်လှ သည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ အထူးကာလတိုသင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူး မွမ်းမံသင်တန်းတို့ကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း (၄) ကြိမ်ဖွင့်လှစ်ခဲ့ပြီး ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့်အရာထမ်း သင်တန်းသား (၁၄၇)ဦး သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းကို တက်ရောက်သည့် သင်တန်းသားများအနေဖြင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်၊ အကြောင်းအရာ များကို သေချာစွာလေ့လာပြီး မိမိတို့၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွင် စနစ်တကျ အသုံးချကြရန် တိုက်တွန်းပြောကြားသည်။

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅)တွင် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၊အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း(၄၀)  တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်