နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတား အဝင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် နဝင်းချောင်း ရေလမ်းကြောင်းဖြောင့်ခြင်းနှင့် ကမ်းထိန်းနံရံ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၉ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေအတွင်း ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတားအဝင် ရေလမ်းကောင်းမွန်ရေး အရေးပေါ် ယာယီကာကွယ်ရေး လုပ်ငန်းများဖြစ်သော သောင်တူးလုပ်ငန်းနှင့် မျောရေကာတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၄၅ / ၇ နေရာရှိ နဝင်းချောင်း ရေကြီးရေလျှံမှုလျှော့ချရေး ရေလမ်းကြောင်းဖြောင့်ခြင်းလုပ်ငန်း၊ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းနှင့် ကမ်းထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းများ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ အင်းသာကျေးရွာ ဆင်သေချောင်း ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းအတွက် နှစ်အလိုက် မြေထိန်းနံတည်ဆောက်ထားမှု၊ ကွန်ကရစ်ဆူးတောင်များ ချထားဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်