နေပြည်တော် စက်တင်ဘာ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေမှုတ်စက်များဖြင့် ကိုယ်ပိုင်တွင်းတိမ်များ တွင်းဆေး တွင်းမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ရေတိုက်စားခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် ချင်းဆက် အရှည်ပေ(၂၈၀)ရှိ ညောင်ပင်သာ-သာယာကုန်းတံတား ချဉ်းကပ်လမ်း ပြန်လည်ပြုပြင်ပေးရန်နှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင်ပေးရန် လိုအပ်မှုအခြေအနေများကို လည်းကောင်း၊ ညောင်ပင်ကြီးကျေးရွာ၌ တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညောင်ပင်ကြီးကျေးရွာတွင် တွင်းဆေးတွင်းမှုတ်ပြုလုပ်ပေးရန် လိုအပ်သည့် ရေတွင်းပေါင်း (၄၀)ရှိသည့်အနက် (၃၅) တွင်းဆောင်ရွက်ပြီးစီးပြီး ကျန်ရှိသည့် (၅) တွင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေကြီးနစ်မြုပ်သွားသော ကျေးရွာ (၁၅၄)ရွာတွင် သောက်သုံးရေအတွက် အသုံးပြုလျက်ရှိသော အများသုံးနှင့် ကိုယ်ပိုင်တွင်းတိမ်တွင်းနက် (၈၂၅၂)တွင်းရှိသည့်အနက် ပြန်လည်၍ တွင်းဆေး တွင်းမှုတ်ပြုလုပ်ရန် လိုအပ်သောတွင်း (၄၅၇၉)တွင်းဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အဖွဲ့ပေါင်း(၁၅)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်ထိ (၁၅၅၆)တွင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။
မူရင်းကျေးရွာများသို့ ပြန်လည်နေထိုင်သော လူဦးရေတဖြည်းဖြည်း များပြားလာပြီဖြစ်ရာ သန့်ရှင်းသောသောက်သုံး ရေရရှိရေးအတွက် ကျန်တွင်းများကိုလည်း အချိန်နှင့်တပြေးညီပြီးစီးရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အပြင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်တွင်လည်း ရွေ့လျားရေသန့်စင် စက်ယာဉ်တစ်စီး ပို့ဆောင်၍ သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ လိုက်လံဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


