နေပြည်တော် ဇူလိုင် ၁၅

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကော်မတီဝင်များနှင့် အတူ ယနေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့ မြို့တော်ခန်းမ၌ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ကော်မတီဝင်များနှင့် အတူ နေရပ်စွန့်ခွာ၍ ပြန်လည် ဝင်ရောက်လာသည့် ပြည်သူ ၂၃၃ ဦးအတွက် ဆန် ၇၂ အိတ်နှင့် ဆီ ၂၇၃ ပိဿာ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများကိုယ်စား မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး လိုအပ်ချက်များကိုတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး အားပေးစကားပြောကြားသည်။

 

ယင်းနောက် ဖလမ်းမြို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာနသို့ ရောက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုး ဆောင်ရွက်မှု၊ (၅) နှစ်အောက် ကလေးများအား တိုးချဲ့ကာကွယ် ဆေးထိုး ဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးကာ ဆေးခန်းအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ယနေ့ထိ ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနက ကိုယ်ဝန်ဆောင်မိခင် ၃၄ ဦးနှင့် (၅) နှစ်အောက် ကလေး ၉၂ ဦးအား ကာကွယ်ဆေးထိုးပေးခြင်း များ ဆောင်ရွက်ပေးပြီး၊ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် ကိုယ်ဝန်ဆောင်မိခင် ၁၅၈၀၂ ဦးနှင့် (၅) နှစ်အောက်ကလေး ၇၇၈၀ တို့အား ကာကွယ်ဆေးထိုး ပေးခြင်းများနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပြီးဖြစ် သည်။

 

နိုင်ငံတော်မှ ကိုယ်ဝန်ဆောင် မိခင်များနှင့် (၅) နှစ်အောက် ကလေးများအတွက် လိုအပ်သည့် ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်