ဒုတိယဝန်ကြီး ဦးလှကျော် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ ဆည်ရေသောက်စနစ်များ ကွင်းဆင်းစစ်ဆေး 

နေပြည်တော်  ၊ ၂၃  ဇန်နဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံ ကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 
 
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက် ရေလှောင်တမံသို့ရောက်ရှိကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် ညွှန်ကြားရေးမှူး ဦးခင်ဇော် တို့က တမံအတွင်း ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ မြို့ရေပေးဝေရေးစနစ်အတွက် ရေပို့လွှတ်ပေးနေမှု၊ တမံ ကြံ့ခိုင်မှုနှင့် ရေပိုလွှဲပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

 တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ငလိုက်ရေလှောင်တမံသည် ၂၀၁၀ ပြည့်နှစ် မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှစီးဝင်ရေ (၈၅၀၃၆)ဧကပေ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း မိုးရေချိန်သိသာစွာကျဆင်းခဲ့မှုကြောင့် ဝင်ရေ (၂၉၃၇၇) ဧကပေသာရှိခဲ့သဖြင့် ရေအနည်းလိုသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ရေတိုရေရှည်အစီအမံများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရေ လှောင်တမံများ ဝင်ရေလျော့နည်းကျဆင်းလာမှုအပေါ် ရေကူ ဖြည့်တင်းခြင်းနည်းလမ်းများ ရှာဖွေဖော်ထုတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။  

ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ငလိုက်ရာဘာရေလွှဲဆည်သို့ ရောက်ရှိကြပြီး ရာဘာရေလွှဲဆည်အတွင်း နုန်းဆည်ယူရန်လိုအပ်နေမှု၊ တူးမြောင်းမကြီး ပြုပြင်မွမ်းမံနေမှု နှင့် ဆည်ရေသောက်စနစ်အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပျဉ်းမနားဟောင်းအုပ်စု၊ ကြို့ပင်(အလယ်) ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာမ တည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ ကျေးရွာရေရှိရေးအတွက် ရေပိုက်လိုင်း သွယ်တန်း ခြင်းလုပ်ငန်း၊ ဂါလန်(၂၄၀၀) ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုး ရေး ဆောင် ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက မြန်မာ့စိုက် ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင် ရွက်ခဲ့မှုနှင့် စီမံကိန်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က  ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အသိပညာ နည်းပညာပြန့်ပွားရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် သီးနှံအမယ် သစ်များ ပြောင်းလဲစိုက်ပျိုးရေး ၊ ဈေးကွက်ဝင် ဈေးကောင်းရ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် နည်းပညာနှင့်လိုအပ်ချက်များ ပံ့ပိုးကူညီပေးရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပေါင်းလောင်းဆည်ရေသောက်စနစ်အတွင်း စနစ်ကျ စက်မှုလယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ပေါင်း လောင်းရေလှောင်တမံကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင်ထားရှိမှု၊ ဝင်ရေ / ထွက်ရေ နှင့် မြို့ပြသုံးရေ အကျိုးပြုနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်