ဒုတိယဝန်ကြီး ဦးဇော်ဝင်း ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံးတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၊ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၁၀

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည်ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆရာ ဆရာမများသည် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ၏ ပဲ့ကိုင်ရှင်များပင် ဖြစ်ပါကြောင်း၊ ဆရာဆရာများအနေဖြင့် ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိအောင်၊ အတ္တဟိတ ပရဟိတအကျိုးသယ်ပိုး ဆောင်ရွက်တတ်အောင်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ ကိုယ်ကျင့်တရား ကောင်းမွန်အောင်၊ ယဉ်ကျေးလိမ္မာအောင်လည်း ပြုစုပျိုးထောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဆိပ်ကြီးခနောင်တို့မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဆိပ်ကြီးခနောင်တို့မြို့၊ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယ၀န်ကြီး ဦးဇော်၀င်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကျော်၀င်းနှင့် တာ၀န်ရှိသူများသည် ညနေပိုင်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ရောက်ရှိပြီး အခြေခံပညာ အထက်တန်းအဆင့် Grade-10 နှင့် Grade-11 သင်ရိုးသစ်များ ရိုက်ကူးသည့် စတူဒီယိုခန်းနှင့် ရုပ်မြင်သံကြား အဆောက်အအုံရှိ အခန်း ဖွဲ့စည်းထားရှိမှုများကိုလည်းကောင်း၊ သင်ထောက်ကူ အလုပ်ရုံဂိုထောင်ရှိ စာအုပ်များနှင့် ပစ္စည်းများ စနစ်တကျ ထားရှိမှုကိုလည်းကောင်း၊ ရုပ်ရှင်ခန်းမတွင်းရှိ စာရေးစားပွဲခုံများ၊ ရုံးလုပ်ငန်းသုံးပစ္စည်း ထားရှိမှုကိုလည်းကောင်း လှည့်လှည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်