ဒုတိယဝန်ကြီး ဦးအေးကျော်မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်မှု ကြည့်ရှု့စစ်ဆေး

နေပြည်တော် ဇွန် ၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် သည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလွန်အားကောင်းသော မိုခါမုန်တိုင်း ကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်မှု၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများကို စမ်းသပ်စစ်ဆေး ပြုပြင်နေမှု၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် အိမ်သုံးမီတာများ၊ အဆောက်အဦအတွင်း လျှပ်စစ်သွယ်တန်းမှုများအား ပေါင်းစပ် စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် စစ်တွေဆိပ်ကမ်းတွင် သင်္ဘောပေါ်မှ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တည်ဆောက်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ပေါ်တွင် ပျက်စီးသွားခဲ့သည့်  ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စ ဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်တပ်ဆင်တည်ဆောက်နေမှုကို လိုက်လံ ကြည့်ရှုပြီး ၆၆ကေဗွီ စစ်တွေမြို့ အမှတ်(၁)ဓာတ်အားခွဲရုံဝင်းအတွင်း ထရန်စဖော်မာ ထုတ်လုပ်သော ပြည်တွင်းကုမ္ပဏီများက ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ် ဆေးပြုပြင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများသွက်လက် မြန်ဆန်စွာပြုပြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သဘာဝဘေးဒဏ်ကြောင့် ပြည်သူများ၏နေအိမ်တွင်တပ်ဆင်ထားသည့် အိမ်သုံးမီတာ များနှင့် အိမ်တွင်းလျှပ်စစ် သွယ်တန်းထားသည်များ ပျက်စီးမှု ရှိ/မရှိ တို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ စစ်တွေဆိပ်ကမ်းတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး ပစ္စည်းများနှင့် ကျောက်တိုင်များရောက်ရှိ သယ်ဆောင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ စစ်တွေမြို့ပေါ် တွင် ၁၁ကေဗွီနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်နေကြသည့် အဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ လုပ်ငန်းများအမြန် ဆုံးပြီးစီးနိုင်ရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းစေရေးအတွက် ဓာတ်အားစတင်ဖြန့်ဖြူးချိန်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အထူးအလေး ထားဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်