ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်၊ အောက်တိုဘာ ၁

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၉) နာရီတွင် ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ ကျင်းပသည့် မြားပစ်အားကစားနည်းပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

 

mdn

 

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သီဟထက်ဇော်က မြားပစ် (အမျိုးသား) Recurve အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်ကစားသမား (၈၄) ဦးအနက် စုစုပေါင်းရမှတ် (၆၃၉) မှတ်ဖြင့် အဆင့် (၃၀) နှင့် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် ပြည့်စုံနှင်းက မြားပစ် (အမျိုးသမီး) Recurve အားကစားနည်းတွင် ဆက်လက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် (၈၄) ဦးအနက် စုစုပေါင်း ရမှတ် (၅၇၈) မှတ်ဖြင့် အဆင့်(၆၃) ရရှိခဲ့ကြသည်။

 

mdn

 

ဒေသစံတော်ချိန် နံနက် (၉) နာရီတွင်ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊  မွန်းလွဲ (၂) နာရီတွင် မြန်မာအသင်းက ဂျပန်အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

အောက်တိုဘာ (၂) ရက် ဒေသစံတော်ချိန် နံနက် (၉) နာရီတွင် ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မွန်းလွဲ (၂) နာရီတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အမျိုးသမီး (၄) ယောက်တွဲပြိုင်ပွဲ အဖြစ် မွန်းလွဲ (၂) နာရီတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် နံနက် (၉)နာရီတွင် မြားပစ်အားကစားနည်းမှ Recurve Mixed Team ပြိုင်ပွဲတွင် ဆက်လက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်