ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၀/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်  ဇွန်  ၂

 

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၀/၂၀၂၃)          ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်  ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊   ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ဒုတိယဝန်ကြီး   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် တက်ရောက်သည်။

 

ဦးစွာ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူကာ  သင်တန်းဆင်း တပ်ခွဲအားစစ်ဆေးခဲ့ပြီး ဒုတိယ ရဲအုပ်လောင်းများက    အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။  

 

ယင်းနောက်   ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ  ဒုတိယရဲအုပ်လောင်း ဌေးလွင်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နှင်းအိန္ဒြေ ချမ်းမြေ့သူ၊      ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း စုန္ဒာ၊   လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဌေးလွင်၊ အင်္ဂလိပ်စာဘာသာရပ်  ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နှင်းအိန္ဒြေချမ်းမြေ့သူတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က သင်တန်းဆင်း ဒုရဲအုပ်လောင်းများ    အနေဖြင့် တပ်ဖွဲ့အသီးသီးမှာ  ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်သည်နှင့်အညီ   ခေါင်းဆောင်မှုအရည်အသွေးများကို ကောင်းစွာသိရှိနားလည်ပြီး အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုများကိုလည်း စည်းကမ်း တကျဖြင့်   တိုးတက်အောင်မြင်အောင်  ဦးဆောင်သွားကြရမည်ဖြစ်ကြောင်း၊  တိုးတက်ပြောင်းလဲနေသည့် မျက်မှောက် ခေတ်ကာလတွင်   ပြည်သူတို့ဘဝ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာ      အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊  ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့်     ရည်မှန်းချက်တာဝန် (၄) ရပ်ကို    အလေးထားအောင်မြင် အောင်    အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်း  လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူနှင့်အတူ လက်တွဲပြီး ထိရောက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေရသလို နယ်စပ်ဒေသများမှာပါ လုံခြုံရေးကို ဆောင်ရွက်နေရခြင်းဖြစ်သည့် အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ အမိန့်နာခံတတ် သည့် စိတ်ဓာတ်ရှိဖို့လိုအပ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိကကျခြင်းကြောင့်    ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး    ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန်   တစ်ရပ်အနေဖြင့် ပူးပေါင်းတိုက်ဖျက်သွား ရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း      စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်  (၁၂) ရပ်ချမှတ်ကာ အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ရဲတပ်ဖွဲ့ဝင်များမှ လည်း  မိမိတို့ကျရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်သွားကြရန် လိုအပ်ကြောင်း၊    လုံခြုံရေးနှင့်    တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာ ကောင်း(၁၂)ရပ်တွင် ပါရှိသည့် “နိုင်ငံတော်တွင် အရေး ကြုံတိုင်း နောင်တော်တပ်မတော် နှင့်     တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့် ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိ နိုင်ငံတော်၏အခြေအနေကို တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားသို့      နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)   ပါမောက္ခ ချုပ် ဦးကျော်စိုး၊ ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ     ဒုတိယရဲအုပ်လောင်း သင်တန်း  အမှတ်စဉ်  (၁၁၀)ရဲသီဟတပ်ခွဲတွင်   တပ်တွင်းဘွဲ့ရ အမျိုးသား ၂၃၁ ဦး၊ တပ်ပြင်ဘွဲ့ရ အမျိုးသား နှစ်ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး ၁၀၈ ဦး၊  တပ်ပြင်ဘွဲ့ရ အမျိုးသမီး တစ်ဦး   စုစုပေါင်း ၃၄၂ ဦးတို့ကို        သင်တန်းဆင်းပေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်