ရန်ကုန်  ၂၁  အောက်တိုဘာ 

အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်တွင် ဂျကာတာမြို့ရှိ အင်ဒိုနီးရှားနိုင်ငံ သမ္မတအိမ်တော်သို့ရောက်ရှိပြီး သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုအား ဂါရဝပြုတွေ့ဆုံသည်။

 

a

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတအိမ်တော်သို့ ရောက်ရှိပြီး ဒုတိယသမ္မတ မစ္စတာ မာရုဖ်အာမင်နှင့် တွေ့ဆုံသည်။

 

a

 

တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြားရှိ ရင်းစွဲချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်ရေး၊ အာဆီယံ အသိုက်အဝန်းအနေဖြင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

a

 

တွေ့ဆုံပွဲများသို့ ဒုတိယသမ္မတနှင့်အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အင်ဒိုနီးရှားနိုင်ငံသမ္မတ၊ ဒုတိယသမ္မတတို့နှင့်အတူ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

(သတင်းစဉ်)