ရန်ကုန် ၂၁ အောက်တိုဘာ
အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြသည်။
ဒုတိယသမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားအင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး၊ ဥပဒေရေးရာနှင့်လုံခြုံရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. TeukFaizasyah နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမင်းလွင်နှင့်ဇနီး၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဖြိုးဇော်စိုးနှင့်ဇနီး၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဆိုကာနိုဟတ္တ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ကြသည်။
ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၅ နာရီ ၁၅ မိနစ် တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ အီဇာဖာဒရီနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)


