ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၂၇  နိုဝင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် တစ်ဆက်တစ်စပ်တည်း မေးမြန်းခဲ့သော စိုက်ပျိုးစရိတ်ထုတ်ချေးပေးရန်နှင့် စပ်လျဉ်း၍ မြေပြင်တွင် ဖြစ်ပေါ်လျက်ရှိသည်ကို အခြေ ခံပြီး ဆောင်ရွက်ထားမှုကို  သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တောင်သူများ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) အမည်မပြောင်းရသေးမီ စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေအရောင်းအဝယ်ကိစ္စ၊ အမည်ပြောင်းကိစ္စများတွင် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်ပတ်သက်မှု မရှိစေရန် သက်ဆိုင်ရာ ဌာနက ညွှန်ကြားချက်များထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ ပုံစံ(၇)အမည်ပြောင်းရရှိရေး အတွက် တရားမဝင် နည်းလမ်းများဖြင့် ဆောင်ရွက်မှုများပေါ်ပေါက်ခဲ့ပါက ပါဝင်ပတ် သက်သည့်ဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

2

 

အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၏ အင်းစိန်မြို့နယ်တွင် မြို့မရဲစခန်းအပြင် နယ်မြေရဲစခန်းခွဲအသစ်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်အရ တိုးချဲ့ ဖွဲ့စည်းသည့် တပ်ဖွဲ့များ၊ လေ့ကျင့်ရေးကျောင်းများအတွက်လည်း အင်အားများ ဖြည့်တင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အားဖွဲ့စည်းပုံမှာ အရာရှိ အခြားအဆင့် စုစုပေါင်း ၁၇၅၂၁၁ ဦးဖြစ်ပြီး လက်ရှိတွင် အရာရှိ၊ အခြားဆင့် စုစုပေါင်း ၈၄၄၈၆ဦးရှိသည့်အတွက် ဖွဲ့စည်းပုံအင်အား၏  ၄၈ ဒသမ ၂၂ ရာခိုင်နှုန်းသာ ရှိသော်လည်း အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့သို့ ဖွဲ့စည်းပုံအင်အားထက် ၁၂ ဒသမ ၅ ရာခိုင် နှုန်းကျော်လွန်ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအင်အား ပြည့်မီမှ သာလျှင် နယ်မြေရဲစခန်းအသစ် ထပ်မံတိုးချဲ့ဖွဲ့စည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ အင်းစိန်မြို့နယ် နယ်မြေ လိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်များကို ဖွဲ့စည်ပုံအင်အားထက် ပိုမို ဖြည့်တင်းထားရှိပြီးဖြစ်၍ နယ်မြေရဲစခန်းအသစ် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါ ကြောင်း၊ အမှတ်(၆၉)ယာဉ်ထိန်းရဲတပ်ဖွဲ့ (အင်းစိန်)အတွက်လည်း လတ်တလော အင်အားဖြည့်တင်းပေးနိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိုအပ်ချက်နှင့် အညီ အင်အားတိုးချဲ့ဖွဲ့စည်းရန်နှင့် တပ်ဖွဲ့၏ အခြေခံလိုအပ်ချက်များ အပါအဝင် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရေး မည်သို့မည်ပုံ စီမံဆောင်ရွက်ထားရှိကြောင်း သိလို ခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက  မြို့ရွာများတည်ငြိမ် အေးချမ်းပြီး ပြည်သူလူထုဘေးကင်းလုံခြုံစွာ သွားလာနေထိုင်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အဖွဲ့အစည်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့မှ တာဝန်ရှိသူများ စုပေါင်းပါဝင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့် မှုခင်း ကြိုတင်ကာ ကွယ်ရေးမဟာဗျူဟာအား စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံပြည့်မီရေးအတွက်  အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိခြင်း၊ တပ်ဖွဲ့ဝင်များ အရည်အချင်း မြင့်မားတိုးတက်မှု ရှိစေရန် ရဲတပ်ဖွဲ့မှ ဖွင့်လှစ်သည့် သင်တန်းများ၊ ပြင်ပမှဖွင့်လှစ်သည့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများသို့ စဉ်ဆက်မပြတ် တက်ရောက်စေသည့်အပြင် တပ်ဖွဲ့တစ်ခုလုံး၏ လိုအပ်ချက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ထောက်ပံ့ရေးဌာနရှိ မြို့နယ်အသီးသီးတွင်ရှိသည့် ငွေ စာရင်းဖွင့်လှစ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ ကန်ပက်လက်မြို့ နယ်တွင် လယ်ယာ စိုက်ပျိုးရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏ နိုင်ငံတော်တည် ဆောက် ရေးလုပ်ငန်းများ အတွက်  ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက် ကို ကြိုတင်ဆောင်ရွက်ထားပြီး ထိုမှရရှိလာသည့် Feasibility Study Report နှင့်အတူ  Design, Drawing,Estimate, B.Q များပါဝင်သည့် စီမံကိန်းအဆိုပြုလွှာဖြင့် ပူးတွဲတင် ပြ တောင်းဆိုခြင်းပြုနိုင်မည့် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း၊ ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာ အုပ်စုအတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် လင်းခေး မဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်း၏ လင်းခေးမြို့နယ် ပြည်သူ့ရဲစခန်း၏ လိုအပ်လျက်ရှိသော အဆင့်မီဝန်ထမ်းအိမ်ရာများကို  ဆောက်လုပ်ပေး ရန်အစီအစဉ်အား မည်သည့်အချိန် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက  လည်းကောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင် က  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ဒီရေတောများကို စီမံကိန်းများ ချမှတ်၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ပေါက်ရောက်ပြီး ဒီရေတောများကို  စီမံကိန်းများချမှတ်၍ ထိန်းသိမ်း ကာကွယ်ခြင်းဖြင့်လည်းကောင်းသဘာဝ ဘေးအန္တရာယ်များကာကွယ်ရေးနှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ရှင်းလင်းတင်ပြရာတွင် အဆိုတင်သွင်းရခြင်း၏ ရည်ရွယ်ချက်မှာ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဖြစ်စဉ်လုပ်ငန်းစဉ်များတွင် ပါဝင် အထောက်အကူပြုရေး၊ မုန်တိုင်းများ၊ ရေကြီးမှု၊ မြေပြိုမှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ရေးနှင့် ဒီရေတောသယံဇာတများ ပြန်လည်ဖြစ်ထွန်းရန်၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည် ထူထောင်ရေးစီမံကိန်းနှင့် မြန်မာနိုင်ငံနေရင်းဒေသ ပြန်လည်တည်ဆောက်ရေး စီမံကိန်းများကဲ့သို့ ဒီရေတောတည်ထောင်စိုက်ပျိုးရေးနှင့် ဒီရေတောထိန်းသိမ်းကာ ကွယ်ရေး စီမံကိန်း ရေးဆွဲဆောင်ရွက်ရန်နှင့် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ရန်၊  သစ်တောဦးစီးဌာန လက်အောက်ရှိ ဒီရေတောဌာနစိတ်အား အင်အားဖြည့်တင်း၍ ဒီရေတောတည်ထောင်စိုက်ပျိုးရေးနှင့် ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းကာကွယ်ရေး ဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရန် တို့ဖြစ်ပါကြောင်း။

 

မြန်မာ့ကမ်းရိုးတန်းရှိ ဒီရေတောများအားရေတိုအကျိုးကျေးဇူး အတွက် ခုတ်ထွင် ရှင်းလင်း၍ အခြားမြေအသုံးချမှုများအဖြစ်  ထုတ်ယူအသုံးပြုခြင်း၊ လယ်မြေတိုးချဲ့ခြင်း၊ ငါးပုစွန်ကန်များ တူးဖော်ခြင်း၊ ထင်း၊ မီးသွေးအလွန်အကျွန်ထုတ် ယူခြင်း၊ သားငါး သယံဇတ အလွန်အကျွန် ထုတ်ယူခြင်းများကို ရပ်တန့်၍ အများပြည်သူ  ရေရှည် အကျိုးစီးပွားအလို့ငှာ သားငါးပုစွန်ဂဏန်းများ ပေါများလာစေရန် ၊ မုန်တိုင်း အန္တရာယ် များမှ အကာအကွယ်ပေးစေရန်၊ ရာသီဥတုပြောင်းလဲမှုမှ လျှော့ချပေးနိုင်ရန်၊ ပတ်ဝန်း ကျင်ယိုယွင်းပျက်စီးမှုအား ကုစားပေးနိုင်ရန်တို့အတွက် ပြည်သူ့ လွှတ်တော်မှ ဆွေးနွေး အတည်ပြုပေးနိုင်ပါရန် တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပန်းတနော်မဲဆန္ဒနယ်မှ ဦးမန်းညွန့်သိန်းက အဆိုအား ထောက်ခံ ဆွေးနွေး သည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်က အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ် ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍  ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက  အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းပြီး  ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သဘောထား ရယူသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ သဘောမတူသူမရှိသဖြင့်  သဘောတူအတည်ပြုကြောင်းနှင့်  ယင်းဥပဒေ ကြမ်းကို လွှတ်တော် နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍  ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ သည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်း က ဖတ်ကြားတင်ပြရာတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အား ကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ၃ နှစ်တာသက်တမ်းအတွင်း ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများနှင့် အားကစားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ တိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ရန်နှင့် အသစ် ပြဋ္ဌာန်းရန်ကိစ္စရပ်များကို ပြည်သူ့လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း။

 

 ကော်မတီ၏ သက်တမ်း(၂)နှစ်အတွင်း ဆောင်ရွက်ချက်အတွေ့အကြုံများမှ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူ၍ ကော်မတီ၏ တတိယနှစ်သက် တမ်းတွင် ကော်မတီလုပ်ငန်း တာဝန်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ အထူးသဖြင့် လက်ရှိဖြစ်ပွားမှုများပြားလာသော မကူးစက်တတ်သည့် ရောဂါများ ကာကွယ်နှိမ်နင်း ကုသရေး ကိစ္စရပ်များကို တွန်းအားပေးဆောင်ရွက် ခဲ့ပါကြောင်း၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဟောပြောပို့ချမှု (၂)ကြိမ် ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး နှင့် ဒုတိယဝန်ကြီးတို့ပါဝင်သော ဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ လွှတ်တော်ကိုယ် စားလှယ် များအား ဆွေးနွေးတင်ပြခဲ့ကြပါကြောင်း။

 

ကော်မတီ၏ လာမည့် စတုတ္ထနှစ်သက်တမ်းတွင် ကော်မတီကို စတင်ဖွဲ့စည်းစဉ် က ချမှတ်ခဲ့သော ရည်ရွယ်ချက်များနှင့်အညီလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များနှင့် အခြားသော ကော်မတီတာဝန်များ ကိုလည်းကောင်း၊ ကော်မတီဝင်များ အားလုံးနှင့် ကော်မတီရုံးဝန်ထမ်းများ စည်းလုံး ညီညွတ်တက်ကြွစွာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တတိယအကြိမ် နှစ်တပ်လည်လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား သိရှိလမ်းညွှန်မှုပြုပေးနိုင်ပါ ရန် အစီရင်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ် လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီဝင် ဒေါ်နန်း ခင်စောက ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ် လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမ နေ့ကို နိုဝင်ဘာ ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)