ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော်  ၂၉   နိုဝင်ဘာ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၏ ကလေးသူငယ်များ အလုပ်ခိုင်းစေမှုအငယ်ဆုံးအသက်ဆိုင်ရာ ILO Convention No.(138)ကို အတည်ပြု  လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များ အလုပ်ခိုင်းစေမှု အငယ်ဆုံးအသက်ဆိုင်ရာ ပြဋ္ဌာန်းချက် ILO Convention No.(138)ကို လက်ခံအတည်ပြုရန် ၂၀၁၉ခုနှစ် ဇွန်လ တွင် ကျင်းပခဲ့သည့် ILC ညီလာခံတွင် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရတို့ ပူးပေါင်းပြီး အဆိုပါ Convetntionကို လိုက်နာ  လက်မှတ်ရေးထိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ကြေညာခဲ့ပါကြောင်း၊ ထို့အပြင် အဆိုပါ Convention နှင့် ပတ်သက်၍ လိုက်နာကျင့်သုံးရန်အတွက် သင့်၊ မသင့်ကိုလည်း ဌာနတွင်းဆွေးနွေးမှု၊ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုရှေ့နေ့ ချုပ်ရုံးသို့ တင်ပြ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ အားလုံး၏ သဘောတူခွင့်ပြုချက် ရရှိသည့်အတွက် ပြည်ထောင်စုအစိုးရသို့လည်း တင်ပြခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေးကလည်း သဘောတူပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၂၆ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့လည်း အဆိုပါ အငယ်ဆုံးအသက် ILO ပြဋ္ဌာန်းချက် အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးရေးအတွက်ကိုလည်း ပြည်ထောင်စုလွှတ်တော်သို့  တင်ပြထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါက မြန်မာနိုင်ငံ အနေဖြင့် အငယ်ဆုံးအသက် ILO ပြဋ္ဌာန်းချက် အမှတ် ၁၃၈ ကို  လုပ်ထုံး လုပ်နည်းများနှင့်အညီ အတည်ပြု လက်ခံကျင့်သုံးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၏ တိုက်နယ်ဆေးရုံများတွင် သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာဌာန တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် ဆရာဝန် ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြို့နယ်အဆင့်၌ ကုသရေးဦးစီးဌာနအောက်တွင် သွားနှင့်ခံတွင်း ဆရာဝန်တစ်ဦး၊ ပြည်သူ့ကျန်းမာရေး တွင် ၂ ဦးဖြစ်ပါကြောင်း၊ ထို ဆရာဝန် ၃ ဦးသည် အလှည့်ကျကွင်းဆင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွင်းဆင်းသည့်အခါ အခြေခံကျသည့် သွားနှင့်ခံတွင်း ဝန်ဆောင်မှုများပေးပါက ပြည်သူများသည် သွားနှင့် ပတ်သက်သည့် ရောဂါများကိုကြိုတင်သိရှိနိုင်ပြီး  မဖြစ်အောင် ကာကွယ်မည်ဆိုပါက ပြည်သူများ သွားနှင့်ခံတွင်း ရောဂါဖြစ်ပွားရန် အလားအလာအလွန်နည်းသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်မှ စ၍  အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ပြီး လောလောဆယ် တွင် ၁၆ ခုတင် ဆေးရုံများတွင် သွားနှင့်ခံတွင်းဆရာဝန်ခန့်အပ်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

a

 

လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်း၏ လင်းခေးမြို့နယ်တွင် သင့်လျော်သော မြေနေရာ၌ အဆင့်မီ မိုးလုံလေလုံအားကစားရုံတစ်ခု တည်ဆောက်ပေးရန်  အစီအစဉ်  ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်ခွင့်ပြုရန်ပုံငွေ စာရင်းတွင် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းအတွက် ငွေကျပ် သန်း ၂၃၀ဖြင့် ခွင့်ပြုချက်ရရှိ၍ တင်ဒါခေါ်ယူထားပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တင်ဒါဖွင့် ဖောက်စစ်ဆေးပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် အမြန်ဆုံးဆောက်လုပ်မည်ဖြစ် ပါကြောင်း၊ အဆင့်မြင့်မိုးလုံလေလုံအားကစားရုံတစ်ရုံတည်ဆောက်ပေးနိုင်ရေးနှင့် ပတ် သက်၍  ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းအသုံးစရိတ်တွင် A အဆင့် အားကစားရုံ ပေ (၁၂၀×၉၀×၃၆)ဖြင့် တည်ဆောက်မည်ဖြစ်ပြီး အားကစားနည်း ၁၀ မျိုးကစားနိ်ုင်သည့်  တည်ဆောက်ခြင်းလုပ်ငန်းကို ငွေကျပ်သန်း ၂၇၀ လျာထားတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက  ဆောက်လုပ်ပေးမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းသန်းလင်း၏ နှစ်နိုင်ငံတရားဝင် သွားလာခွင့်နှင့် ကုန်သွယ်ခွင့်ရရှိရန် မယ်စဲ့မြို့နယ်ရှိ ဟိုစဲ့ကျေးရွာ  BP-14 နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာ နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ကောင်း၊  မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၏  မြန်မာနိုင်ငံတွင်  P.R ရရှိပြီးသူ မူလမြန်မာနိုင်ငံဖွားဆရာဝန်ကြီးများနှင့် ပတ်သက်၍ ကန့်သတ်ချုပ်ချယ်မှုများ ကို တခြားနိုင်ငံများကဲ့သို့ ဖြေလျှော့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ သပိတ်ကျင်း မဲဆန္ဒနယ်မှ ဒေါက်တာအောင်နိုင်၏ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်း ကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာ၏ ကိုယ်ထူကိုယ်ထ တိုက်နယ်ဆေးရုံဖွဲ့စည်းပုံ ခွင့်ပြု မိန့်ကို အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်     နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်တင်လင်း၏ နတ်မောက်မြို့နယ် ပြည်သူ့ဆေး ရုံအား ခုတင်(၅၀) မှ ခုတင် (၁၀ဝ)ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လည်းကောင်း ရှင်းလင်းဖြေကြားသည်။

 

a

 

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များမှ သဘောတူသင့် သည့် အချက် ၄၄ ချက်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ထပ်မံပြင်ဆင်ချက် ၃၂ ချက်၊ အမျိုးသားလွှတ်တော်ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ် တော်၏ အတည်ပြုချက်အတိုင်း ထားရှိသင့်သည့် အချက် ၄ ချက်တို့အား တင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန် ကြီးဌာန၏ သဘောထားရယူ၍ လွှတ်တော်၏  အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယင်းနောက် အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲ လွဲမှုရှိသော အချက် ၃၆ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ရ ယူသင့်ပါကြောင်း ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သဘောကွဲလွဲသည့် အချက် ၃၆ ချက်စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးအင်ထုံး ခါးနော်ဆမ်က ဖတ်ကြားတင်ပြရာတွင် ကော်မတီဝင်များသည် လွှတ်တော် အတွင်း၊  လွှတ်တော်ပြင်ပတွင် မိမိတို့၏ တာဝန်နှင့်ဝတ္တရား များကို ကြိုးစားဆောင်ရွက် လျက်ရှိပြီး တိုင်းရင်းသားများမျှော်လင့်ချက်ရှိသော စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ပေးမည့် ဥပဒေ၊ နည်းဥပဒေများအရ တိုင်းရင်းသားများ၏ အခွင့်အရေးများပိုမိုရရှိလာမည်ဖြစ်၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးသည်လည်း ပို၍အောင်မြင်လာမည်ဟု ယုံကြည်ပါကြောင်း။

သို့ဖြစ်ပါ၍ ကော်မတီဝင်များသည် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အထူးလေးပေးကာ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆက်လက်ဆောင်ရွက်သွားမည် ဟု အစီရင်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက  အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်  တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာအား တွံတေးမဲဆန္ဒနယ်မှ ဦးမြင့် လွင်၊ ပင်လည်ဘူး မဲဆန္ဒနယ်မှ ဦးမင်း နောင်၊ ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦးနှင့် ပန်းတနော် မဲဆန္ဒနယ်မှ ဦးမန်းညွန့်သိန်းတို့က ဆွေးနွေးကြသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်  တာဝန်ခံချက်များ စိစစ် ရေးကော်မတီဝင် ဦးမျိုးနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ကော်မတီသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ကတိဖြစ်မေးခွန်းများနှင့် အတည်ပြု အဆိုများကို လွှတ်တော်၏ လုပ်ပိုင်ခွင့်မူဘောင် အတွင်းမှနေ၍ လွှတ်တော် ဥက္ကဋ္ဌထံသို့ တင်ပြခြင်း၊ သက်ဆိုင်ရာပြည်ထောင်စုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ အခက်အခဲများ၊ တိုင်ကြား ချက်များကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ဆွေးနွေးကြ သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ကော်မတီတွင် မှတ်တမ်း ထားရှိသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ကော်မတီတွင် ဖိတ်ကြား၍ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြုံတွေ့နေရသော အခက်အခဲများကို ပြေလည်အောင် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အဆိုပါ အစီရင်ခံစာအား သဘောတူလက်ခံရန် ကော်မတီဝင် ဒေါ်ခင်စောဝေက အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထား ရယူအတည်ပြုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမ နေ့ကို ဒီဇင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)