ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ၂၇ ဩဂုတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုရှိ ဖိုးဦးတောင်စေတီတော် သာသနာမြေသည် ကျဉ်းမြောင်းနေပါသဖြင့်  မူလဧရိယာသတ်မှတ်ချက်အတိုင်း ဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဖိုးဦးတောင်စေတီတော်တည်ရှိရာ တောင်တော်နှင့် ဘုန်းတော်ကြီး ကျောင်းများတည်ရှိရာ မြေနေရာများ၊ စောင်းတန်းဧရိယာနှင့် တောင်စောင်းမြေနေရာ များဖြစ်သည့် မြေလွတ် မြေရိုင်း ၁၁၂ ဧက ကျော်အား သာသနာ့မြေအဖြစ် သတ်မှတ်လိုပါက ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၏ သဘောထားထောက်ခံချက်များ၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖိုးဦးတောင်တော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ သဘောထားထောက်ခံချက်များဖြင့် ဖိုးဦးတောင်စေတီတော် ဂေါပက အဖွဲ့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ လျှောက်ထားသွားရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ သချိုင်းဟောင်း မြေနေရာကို နိုင်ငံတော်အစိုးရပိုင် မြေအဖြစ် ပြန်လည်သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က အဆိုပါ သုသာန်မြေနေရာဟောင်းအား ကွင်းဆင်းစိစစ်ရေးအဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်အရ လက်ရှိမြေပြင်တွင် ခြံဝင်းခတ်ထားသည့် စုစုပေါင်း ဧရိယာမှာ ၇ ဒသမ ၁၇ ဧက ဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး နှစ် ၃၀ မြေငှား ဂရန်ရရှိခဲ့သည့် မြေဧရိယာ မှာ ၄ ဒသမ ၉၂ ဧကသာဖြစ်သည့်အတွက် ပိုမိုရယူ အသုံးပြုထားသည့် မြေဧရိ ယာ ၂ ဒသမ ၂၅ ဧကအား အများပြည်သူ အသုံးပြုနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားသည်။

 

လှည်းကူး မဲဆန္ဒနယ်မှ ဦးသိန်းတန်၏ ရပ်ကွက်၊ ကျေးရွာအုပ်စုနေ ပြည်သူလူထုများက အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို  ပြင်ဆင် ပြဋ္ဌာန်းရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို မရွေးချယ်မီ ပြည်သူလူထုမှ ရပ်ကွက် သို့မဟုတ်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးချယ်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက အဆိုပြု ရွေးချယ်မှုစနစ်အရ အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်း တင်သွင်းသူများစွာ ရှိလာနိုင်သဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ရမည့် ကာလရှည်ကြာလာနိုင်ခြင်း၊ ကိုယ်စားလှယ်လောင်းများ များပြားလာခြင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပြားလာခြင်း၊ မဲလက်မှတ်များ၊ မဲရုံများ၊ မဲရုံမှူးများ၊ မဲလက်မှတ် ထုတ်ပေးသူများနှင့် မဲလက်မှတ် စစ်ဆေးသူများကို သတ်မှတ်ရွေးချယ်ရမည် ဖြစ်ခြင်းတို့ကြောင့် လုပ်ငန်းစဉ်များပြားခြင်း၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို တာဝန်ယူဆောင်ရွက်ရမည့် လူအင်အားနှင့် ရွေးချယ်ရမည့် လုပ်ငန်းစဉ် ပမာဏမျှတမှုမရှိ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ပါကြောင်း။

 

ထို့ပြင် အဆိုပြုရွေးချယ်မှုစနစ်အရ ရွေးချယ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို ပီပြင်စွာ အကောင်အထည်ဖော်ရာတွင် ရွေးကောက်ပွဲကျင်းပသကဲ့သို့ ဆောင်ရွက်ရမည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် မလိုလားအပ်သည့် ကုန်ကျစရိတ်များ တိုးမြင့်လာနိုင်ခြင်း၊ အဆိုပြုရွေးချယ်မှုစနစ်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်သည့် လုပ်ငန်းစဉ်ပြီးစီးမှသာ  ဆယ်အိမ်မှူး၊  ရာအိမ်မှူးရွေးချယ်မည်ဆိုပါက ပြည်သူလူထုစိတ်ဝင်စားမှု အားနည်း၍ ရွေးချယ်ရေးလုပ်ငန်းစဉ်များ ပြီးပြတ်မှုမရှိဘဲ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် အဆိုပြုရွေးချယ်မှုစနစ်အရ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ရာတွင် ရွေးချယ်ပြီးသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးမှ ဝင်ရောက်စွက်ဖက်မှု၊ မလျော်ဩဇာ သုံးမှုစသော အဂတိမကင်းသည့်  လုပ်ဆောင်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည်တို့ ကြုံတွေ့နိုင် သည့်အပြင် အခြားသော  အခက်အခဲများလည်း ကြုံတွေ့နိုင်ပါသဖြင့်  မူလဥပဒေ အတိုင်းသာ ဆက်လက်ကျင့်သုံး ဆောင်ရွက်သင့်ပါကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာ၊ အုပ်စု အုပ်ချုပ်ရေးဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

အလားတူ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ပျော်ဘွယ်မြို့နယ်၊ အမှတ်(၈) အထည်စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန် ၁ ဦး ခန့်ထားပေးရန်နှင့် လစဉ်လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင် ဟိန်းကလည်းကောင်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ ပြည်ပရောက် အလုပ်သမားများမှ ပြည်ပတွင် မွေးဖွားခဲ့သော ကလေးသူငယ်များကို အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ထဲသို့ ဖြည့်သွင်းနိုင်ရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က လည်းကောင်း၊ နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှ၏ နန်းယွန်းမြို့နယ်အတွင်းရှိ လက်ရှိ ပြည်ထဲရေး အမည်ပေါက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာ ၁၆ ရွာရှိ ဒေသခံ ပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ဒေသအသုံးအနှုန်းအတိုင်း ကျေးရွာအမည်မှန် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က  လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

 

ဆက်လက်၍ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ စစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀) တွင် လိုအပ်နေသော မျက်စိအထူးကု၊ နှလုံးအထူးကု၊ ကင်ဆာ အထူးကုဆရာဝန်များနှင့် ကုသရေးဆိုင်ရာ ကိရိယာများကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ခန္တီးမဲဆန္ဒနယ်မှ ဦးအောင်သန်းစိန်၏ ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ဆက်လက်ဆောက်လုပ်ခြင်းမရှိသည့် ကုမ္ပဏီနှင့် လုပ်ငန်းတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီးခြင်းမရှိဘဲ ထောက်ခံပေးသည့် မြို့နယ်အဖွဲ့အစည်းအသီးသီးကို မည်သို့အရေးယူ ဆောင်ရွက်မည်နှင့် ယင်းအဆောက်အဦများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၏ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ မှော်ဇာ ကျေးလက်ကျန်းမာရေးဌာနအား မှော်ဇာနှင့် အင်ကြင်းမြောင် ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ လူ၊ တိရစ္ဆာန်တို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ပူးပေါင်းဆက်နွှယ်နေသည့် တစ်ခုတည်းသော ကျန်းမာရေး “One Health” ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်မဟာဗျူဟာ (National Strategic Plan) ရေးဆွဲ အအကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့နယ်အတွင်းအရေးကြီးပြီး မရှိမဖြစ်လိုအပ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ကျေးရွာအမည်များ လွဲမှားစွာဖြေကြားလာမှုကို သိလိုခြင်းနှင့် ထလားလော်ကျေးရွာ၊ ဇီးထန်ကျေးရွာ၊ ရှီးထန်ကျေးရွာ၊ ရှီးလန်ဒမ်းကျေးရွာနှင့် အဘွန်ထန် ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်းသည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ကြီးမားပြင်းထန်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း Micro Finance လုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများမှ ငွေကြေးချေးယူထားသော ပြည်သူများက ပုံမှန်ပြန်လည်ပေးသွင်းနေရသော ချေးငွေများအား ကိုဗစ်ကို ရင်ဆိုင်တွန်းလှန်နေသည့် ကာလ (Response  Period) အတွင်း အတိုးနှုန်း ကင်းလွတ်ပေးခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ Micro Finance လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကမ္ဘာနှင့်တစ်ဝန်း သိသာထင်ရှားလာသည့်ကိစ္စ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပုံမှန်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည့် အဖွဲ့အစည်းများနှင့် အခြေခံလူတန်းစားများ၊ တောင်သူလယ်သမားများအပြင် ဝင်ငွေနည်းသည့် ပြည်သူများအတွက် ယင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် လွန်စွာအရေးပါသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုများသည် တစ်နိုင်ငံလုံးအတွက် လုံလောက်သော ကုစားရေးအစီအစဉ်များလုပ်ဆောင်ရန် အခက်အခဲများရှိနေသည့်အတွက်  Micro Finance လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှ ငွေကြေးချေးယူထားသော ပြည်သူများလည်း အပါဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိခိုက်မှု နည်းနိုင်သမျှ နည်းပါးစေရေးအတွက် နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးနေသည့် လုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ချေးငွေပြန်လည် ပေးသွင်းခြင်းကို ကာလတစ်ခုအထိ ရပ်နားထားသင့်ကြောင်းနှင့် အတိုးနှုန်းထားကိုလည်း ပြန်လည်ထူထောင်ရေး ကာလတစ်ခုအတွင်း ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံပေးသင့်ပါသောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးထွန်းမြအောင်(ခ) ဦးစောထွန်းမြအောင်၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲထွန်းနိုင်နှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းထွန်းတို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက COVID–19 ကာလအတွင်း ကမ္ဘာ့နိုင်ငံများရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေ လေ့လာခဲ့ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသင်းဝင်များ၏ချေးငွေ ပြန်လည်ပေးဆပ်မှုကို ရွှေ့ဆိုင်းနိုင်ရန် သက်ဆိုင်ရာနိုင်ငံများက လည်ပတ်မတည်ငွေရင်း ကူညီဖြည့်တင်းပေးခြင်း၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများက ဘဏ်များမှ ချေးယူထားသည့် ချေးငွေများကို ပေးဆပ်ရန် ကာလရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေဆုံးရှုံးမှုလျာထားချက် (Loan Loss Provision) သတ်မှတ်ချက်များအား ဖြေလျှော့ပေးခြင်း၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအား ချေးငွေပိုမိုရယူနိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း စသည့်နည်းလမ်းများကိုသာ ကျင့်သုံးကြပြီး စည်းမျဉ်းချမှတ်သူ၊ ကြီးကြပ်ကွပ်ကဲသူအနေဖြင့် အတိုးနှုန်း ပယ်ဖျက်ပေးရန် သို့မဟုတ် အတိုးနှုန်း လျှော့ချပေးရန် ဆောင်ရွက်ခြင်းမျိုး မတွေ့ရပါကြောင်း။

 

ယင်းသို့ဆောင်ရွက်ခြင်းသည် အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ တစ်ခုလုံးအပေါ် ထိခိုက်မှုရှိနိုင်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပရှိ ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း၊ ပြည်ပရှိ ချေးငွေထုတ်ချေးသည့် အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ စည်းမျဉ်းဥပဒေ ခိုင်မာစွာ ကျင့်သုံးနိုင်မှုအပေါ် သံသယဖြစ်ပေါ်စေပြီး အဖွဲ့အစည်းနှင့် အသင်းဝင်အကြား အပြန်အလှန် ယုံကြည်မှုကိုလည်း ထိခိုက်စေမည်ဖြစ်ပါကြောင်း။

 

ထို့ပြင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် လွတ်လပ်သော ပုဂ္ဂလိက ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်ပြီး  ဝင်ငွေနည်းပြည်သူများနှင့် အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီးငွေကို ၎င်းတို့၏ ကိုယ်ပိုင်မတည်ရင်းနှီးငွေများဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ယင်းတို့၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းအရ ၎င်းတို့နှင့် ငွေချေးယူသူတို့အကြား သဘောတူညီထားသော ချေးငွေစနစ်၊ ချေးငွေ သက်တမ်းကာလ၊ အတိုးနှုန်းသတ်မှတ်ချက် စသည်များကို အစိုးရအနေဖြင့် တိုက်ရိုက်ဝင်ရောက် စွက်ဖက်ရန် မသင့်ပါကြောင်း၊ ချေးငွေလျော်ပစ်ခြင်း၊ အတိုးလျှော့ပေါ့ခြင်း စသည့်အချက်များနှင့် ပတ်သက်၍ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ဆုံးဖြတ်လုပ်ပိုင်ခွင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီမှုအသင်းမှတစ်ဆင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း (MFI) များအနေဖြင့် အသင်းဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် COVID-19 ဖြစ်ပွားစဉ် ကာလအတွင်း အသင်းဝင်များက ချေးယူထားသည့် ချေးငွေအပေါ် အတိုးနှုန်း ပယ်ဖျက်ခြင်း/ လျှော့ချခြင်းလုပ်ငန်းများကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ဘဲ  အသေးစားငွေ ရေးကြေးရေးအဖွဲ့အစည်းများက ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ မူဝါဒနှင့်အညီ အသင်းဝင်များ၏ အခက်အခဲအပေါ် မူတည်၍ ညှိနှိုင်းဆောင်ရွက် စေခဲ့ပါကြောင်း၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ ကြပ်မတ်ကွပ်ကဲသွားမည်ဖြစ်ပြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသောကြောင့် အဆိုအားမှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုရှင် သဘောကွဲလွဲသည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရန် မတ်တပ်ရပ် ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံဆန္ဒပြုသူ ၁၂၅ ဦး၊ ကန့်ကွက်ဆန္ဒပြုသူ ၂၂၀ ဖြစ်၍ ကန့်ကွက်သည့် ကိုယ်စားလှယ်ဦးရေက များသည့်အတွက် အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည် ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးကာလအတွင်းတွင် ကြယ်ပွင့်ပြမေးခွန်း ၁၀၇ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့် မပြမေးခွန်း ၃၃၈ ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊  အရေးကြီးအဆို ၁ ခု အပါအဝင် အဆို ၁၃ ခု တင်သွင်းခဲ့ပြီး အတည်ပြုအဆို ၅ ခု၊ မှတ်တမ်းတင်အဆို ၃ ခု၊ လက်ခံဆွေးနွေးရန်မရှိ အဆို ၁ ခုနှင့် ဆက်လက်ဆွေးနွေးရန် ကျန်ရှိအဆို ၄ ခုတို့ဖြစ်ကြပါကြောင်း၊  ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၂၀ ခု ရှိပြီး ဥပဒေကြမ်း ၈ ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၂ ခု ကျန်ရှိပါကြောင်း။

 

ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ကတိသစ္စာပြုခြင်း၊  လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့၏ သက်တမ်း တိုးမြှင့်ခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးတို့အား ကော်မတီများတွင် အဖွဲ့ဝင်များအဖြစ် အစားထိုး လဲလှယ်ဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအား ကော်မတီများတွင် လေ့လာသူများအဖြစ် အစားထိုးလဲလှယ် တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဋိဇီ၀ဆေးများ ဝယ်ယူထောက်ပံ့ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာကိုလည်း အတည်ပြုနိုင်ခဲ့ပါကြောင်း၊ သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စုံစမ်းမေးမြန်းမှု ၈ ခု ပြန်ကြားပေးခြင်းနှင့် သုတေသနစာတမ်းတို ၁၇ ခုကို ဖြန့်ဝေနိုင်ခဲ့ပါကြောင်း။

 

မိမိတို့နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မကြာမီကာလတွင် ကျင်းပတော့မည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အခြေခံရေသောက်မြစ်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရန်နှင့် ပိုမိုအားကောင်းစေရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများကလည်း စည်းကမ်းနှင့်အညီ မပျက်မကွက် ဆန္ဒမဲပေးကြရန် တိုက်တွန်းအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့မဲဆန္ဒနယ်မြေအသီးသီးတွင် ရွေးကောက်ပွဲဥပဒေနှင့်အညီ တရားသောနည်းဖြင့် ယှဉ်ပြိုင်အနိုင်ယူပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို ဆက်လက်ထမ်းပိုး ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

အေးအေးသန့်(သတင်းစဉ်)