ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် ၂   ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

4

 

အစည်းအဝေးတွင် လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ စည်ပင်သာယာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မလွတ်ကင်းသော ထရန်စဖော်မာများ၊ လျှပ်စစ်မီးတိုင် များ အချိန်မီရွှေ့ပြောင်းနိုင်ရန်အတွက် မည်သူက တာဝန်ယူဆောင်ရွက်မည်၊ မည်သည့် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ကို မူဝါဒ၊ လုပ်ထုံးလုပ်နည်းတစ်ရပ် တိတိကျကျ ချမှတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက  တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ကြရာတွင် မူလရှိပြီး လမ်းတံတား၊ လျှပ်စစ်ဓာတ်အားလိုင်း၊ ဆက်သွယ်ရေးတိုင်များအတွက် တိုးချဲ့တည်ဆောက်လိုသည့် ဌာနမှ ပြောင်းရွှေ့တည်ဆောက် ပေးရမည့်ဌာနအတွက် ကုန်ကျစရိတ်ကို တာဝန်ယူဆောင်ရွက်ပေးသွားရန် မူချမှတ်ထားရှိပြီးဖြစ်ပါကြောင်း၊ ယခင်ကာလများ၌ ထိုသို့ညှိနှိုင်းမှု အားနည်းခဲ့ခြင်းများကြောင့် ဥပမာတစ်ရပ်အနေဖြင့် စည်ပင်သာယာမှ လမ်းတိုးချဲ့ရာတွင် မိမိတို့၏ လျှပ်စစ်ဓာတ်တိုင်များ လမ်းပေါ်ရောက်ရှိကျန်နေခဲ့ပြီး နောက်ပိုင်းကာလများတွင် ဌာန ဘတ်ဂျက်တောင်းခံ၍ ရွှေ့ပြောင်းပေးခဲ့ရမှုများ ရှိခဲ့ပါကြောင်းနှင့် နောင်တွင် အလားတူ ကိစ္စရပ်များကဲ့သို့ မဖြစ်ပေါ်စေရေးအတွက် ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မိုင်းခတ် မဲဆန္ဒနယ်မှ ဦးစဲကီကော်၏ မိုင်းခတ်မြို့နယ်၊ မိုင်းနုံးကျေးရွာအုပ်စုရှိ (ခမ်းနွဲ့)ရေသွယ်မြောင်း(၁၁၅၀) ပေနှင့် ဝမ်ခုတ်ကျေးရွာအုပ်စုရှိ (ဖိုင်တင်း)(၁၀၃၀) ပေ ရေသွယ်မြောင်းတို့ကို စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ကျောက်စီနံရံ ထိန်းရေသွယ်မြောင်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  ကျိုင်းတုံ ခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းနုံးကျေးရွာအုပ်စုရှိ ခမ်းနွဲ့ရေလွှဲဆည်အား ၂၀၁၇-၂၀၁၈ခုနှစ်က  ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ပေးခဲ့ပါကြောင်း၊ ဝမ်ခုတ်ကျေးရွာအုပ်စုရှိ ဖိုင်တင်းရေလွှဲဆည်အား  (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ် ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ အခိုင်အမာ ပြုပြင်တည်ဆောက်ပေးခဲ့ပါကြောင်း။

 

အဆိုပါ ရေပေးမြောင်းများသည် မြေမျက်နှာပြင် အနိမ့်အမြင့်အခြေအနေအရ တောင်ကမ်းပါးအခြေမှပတ်၍တူးဖော်ထားရသဖြင့် မိုးရာသီတွင် ရေတိုက်စား၍ တောင် ကမ်း ပါးယံမြေသားများပြိုကျသည့်အတွက် မြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်ပါကြောင်း၊ တောင်သူများအနေဖြင့် နှစ်စဉ်ပြုပြင် ရလျက်ရှိပြီး စိုက်ပျိုးရေအခက်အခဲများလည်း ဖြစ်ပေါ်လျက်ရှိ်သည့်အတွက်  ကျောက်စီရေမြောင်းအဖြစ် အခိုင်အမာပြုပြင် တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ခမ်းနွဲ့ရေပေးမြောင်းအတွက် ခန့်မှန်းကုန် ကျငွေ ငွေကျပ် ၈၅ သန်း၊ ဖိုင်တင်းရေပေးမြောင်းအတွက် ခန့်မှန်းကုန်ကျငွေ ငွေကျပ် ၇၅ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ငွေကျပ် သန်း ၁၆၀ ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကို  ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် လွှတ်တော်ကတိကဝတ်လုပ်ငန်းများပြားပြီး ရန်ပုံငွေလိုအပ်ချက်လည်း များပြားသည့် အခြေအနေရှိသည့်အလျောက် ဦးစားပေးလုပ်ငန်း အစီအစဉ်များအရ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောင်ရွက်ပေးနိုင်မည့် ဘဏ္ဍာနှစ်ကို ဖော်ပြရန် အခက်အခဲရှိသော်လည်း အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အတွင်း ဦးစားပေးလုပ်ငန်း အစီအစဉ်များအရ ရန်ပုံငွေ ထည့်သွင်းလျာထားဆောင်ရွက်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။

 

သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ (၁၂)ကို ဖောက်ဖျက်ကျူးလွန်သူများအား ဥပဒေအရ အပြစ်ပေးနိုင်ရန် အလို့ငှာ နည်းဥပဒေကို ပြင်ဆင်ခြင်း နည်း သို့မဟုတ် တရားစွဲဆိုမည့် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကို တာဝန်ပေးအပ်ခြင်းနည်း(၂)မျိုးမှ တစ်မျိုးမျိုးကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ (၁၂)ကို ဖောက်ဖျက်ကျူးလွန်သူများကို ဥပဒေအရ အပြစ်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်စီမံဆောင်ရွက်သွားရန် ရှိပါကြောင်း၊ မည်သည့် လယ်ယာမြေ ပေါ်တွင်မဆို ကျူးလွန်သူများကို အရေးယူနိုင်ရန် တည်ဆဲ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ (၁၂)၏ ခြေဆင်းတွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် ဆိုသည့် စကားရပ်အား မည်သူမဆို ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်နိုင်ရေးအတွက်လည်း ပြင်ဆင်ပြဋ္ဌာန်းမည့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ထည့်သွင်း၍ စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ယင်းဥပဒေကိုလည်း လွွှတ်တော်သို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

8

 

ဆက်လက်၍ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ စဉ့်ဝင်ကျေးရွာ အုပ်စု၊ စေတီဖြူ ရွာနှင့် ရွာသစ်ကျေးရွာသို့ သွယ်တန်းဖြန့်ဖြူးပေးထားသော လျှပ်စစ် ဓာတ်အားများ အပြည့်အဝအသုံးပြုရန်နှင့် နောင်ခမ်းကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဆက်လက်ဖြန့် ဖြူးပေးနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်တို့ကို သိလိုခြင်း မေးခွန်း၊            ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၏ ဖာပွန်မြို့ လျှပ်စစ်ဓာတ်အား သွယ်တန်းနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လည်းကောင်း၊ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၏ မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ထုံးကျိန် လွင်ပြင် လယ်သမားတာ ပြီးမြောက်ရေး အတွက် မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်၏ ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာ အုပ်စု၊ ဖိုင်ပါဆန်ဆည် ရေတားဆည်တမံအသစ်တစ်ခုနှင့် ဆည်ရေသွင်းမြောင်းအား ပြန်လည်ပြုပြင်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း  ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် အမျိုသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အမျိုး သားမှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် အချက် ၁၀ ချက်၊ ထပ်မံပြင်ဆင်ရန် တင်ပြချက် ၃ ချက်၊ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့ လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိမည့် အချက် ၄ ချက်တို့ကို တင်ပြပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားရယူ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲ လွဲမှုရှိသော အချက် ၇ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ရ ယူသင့်ပါကြောင်း ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုတင် သွင်းသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သဘောကွဲလွဲသည့် အချက် ၇ ချက်နှင့် စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးသိန်းတန်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် အားနည်းချက်၊ အားသာချက်များကို အခြေခံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဝိုင်းဝန်းဆွေးနွေး အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ ပိုမိုသွက်လက် မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်သွားပါမည်ဟု အလေးအနက် ကတိပြုပါကြောင်းကို အစီရင်ခံတင်ပြအပ်ပါကြောင်း ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ နှစ်ပတ်လည်အစီအရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးအောင်စိုး က ဖတ်ကြားတင်ပြသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်းကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးအုန်းလွင်က  ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)