ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၁၄ ဇူလိုင်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ထန်းတပင်ကျေးရွာ၊ ချောင်းကန်ကျေးရွာ၊ သလဲဦးကျေးရွာ၊ ပျဉ်းတော်ကျေးရွာတို့မှ တောင်သူ(၁၈၃)ဦး၏ လယ်ယာမြေများကို MEC သကြားစက်ရုံ (ကန့်ဘလူ)မှ သိမ်းယူခဲ့ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မြေပြန်စစ်ကော်မတီများက ပိုလျှံမြေဧက(၁၀၀)ကို ပြန်လည်စွန့်လွှတ်သင့်ပါကြောင်းနှင့် အသုံးပြုထားသော မြေများကို လျော်ကြေးငွေ ပြန်လည်တွက်ချက် ပေးနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထားတောင်းခံခဲ့ရာ ကြန့်ကြာနေမှုအား အမြန်ကူညီ ဆောင်ရွက်နိုင်ရန်နှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မေးခွန်းနှင့် စပ်လျဉ်း၍ စိစစ်ချက်အရ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများမှ ပိုလျှံမြေ ဧက ၁၀၀ ဟု ဖော်ပြပါရှိသော်လည်း အဆိုပါ မြေများမှာ သကြားစက်ရုံ (ကန့်ဘလူ)အတွက်လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ရရှိပြီးသော မြေများဖြစ်ခြင်း၊ လက်ရှိသကြားစက်ရုံ လည်ပတ် ဆောင်ရွက်လျက်ရှိခြင်း၊ မျိုးကြံ စိုက်ပျိုးမြေများဖြစ်ခြင်း၊ မျိုးကြံစိုက်ပျိုးမြေများအား မြေလဲလှယ်စိုက်ပျိုးရေးစနစ်ဖြင့် ဆောင်ရွက်ထားရှိခြင်းတို့ ကြောင့် ပိုလျှံမြေမရှိပါကြောင်း၊ စက်ရုံအတွက် မြေစတင် သိမ်းဆည်းစဉ်ကပင် ၎င်းခေတ် ကာလနှင့် လျော်ညီသော လျော်ကြေးငွေများပေးလျော်ပြီး ဖြစ်ခြင်းတို့ကြောင့် လျော်ကြေး ငွေထပ်မံပေးလျော်ရန် မရှိပါကြောင်းနှင့်  ပြန်လည်စွန့် လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးပါက မိမိနေထိုင်ရာ မြို့နယ်များတွင် ပင်စင်လစာများကို ထုတ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အငြိမ်းစားများ၏ လစဉ်ပင်စင်ထုတ်ပေးရေးကိစ္စ ဆောင်ရွက်ရာတွင် ဦးစီးဌာနအငြိမ်းစားများနှင့် ကာကွယ်ရေးအငြိမ်းစားများအတွက် လုပ်သက်ဆုကြေးငွေနှင့် လစဉ်ပင်စင်လစာငွေများကို ပင်စင်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးတွင် သွားရောက် ငွေစာရင်းဖွင့်လှစ်၍ အငြိမ်းစားမှ ထုတ်ယူရန် ဆန္ဒပြုသည့် ဘဏ်ခွဲများတွင် ငွေပေးမိန့်များ ထုတ်ပြန်ပေးပို့၍ အဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

လုပ်ငန်းအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များမှ အငြိမ်းစားများအတွက် လစဉ်ပင်စင်များကို ၎င်းတို့အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားမှ ဆန္ဒပြုသည့်အတိုင်း (၁)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ် စသည်ဖြင့် ၎င်းတို့လုပ်ငန်းနှင့် စက်ရုံတည်ရှိရာ ဒေသများတွင် ထုတ်ပေးခြင်း၊ အငြိမ်းစားများမှ ၎င်းတို့ထုတ်ယူလိုသည့် မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူရန် ဆန္ဒပြုလာပါက ၎င်းတို့ဆန္ဒပြုသည့် မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ လုပ်ငန်းအဖွဲ့အစည်း၏ အစီအစဉ်ဖြင့် လွှဲပို့၍ ထုတ်ပေးလျက်ရှိပါကြောင်း။

 

မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာကို လွယ်ကူသက်သာစွာဖြင့် ထုတ်ယူနိုင်ရန် e – Pension Card ပြုလုပ်၍ စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ထို့ပြင် ယခုအခါ Myanmar Mobile Money, Wave Money စသည့် မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ပင်စင်လစာများထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့၏ ဧရာဝတီမြစ်ရေလွှမ်းခြင်းမှ ကာကွယ်နိုင်ရန် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ ကချင်စုရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက်များ၏ မြစ်ကမ်းပါးတစ်လျှောက် ရေထိန်းကမ်းပါးဘောင်အား သံကူကွန်ကရစ် ကျောက်စီခြင်း ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေလွှမ်းခြင်းမှ ကာကွယ်ရန် မြစ်ကမ်းပါးတစ်လျှောက် ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်း၊ မြေသားတာဘောင်ဖို့ခြင်း၊ ရေထိန်းတံခါးတည်ဆောက်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးသွားရန် ရှိပါကြောင်း၊ ယင်းအတွက် အကြိုဆောင်ရွက်ရမည့် လုပ်ငန်းများ စီမံ၍ လိုအပ်သည့် ရန်ပုံငွေကို ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေမှ နှစ်အလိုက် ကျခံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ Asean University Games ပြိုင်ပွဲများ၌ မြန်မာ့တက္ကသိုလ် ရေကူးအသင်းသည် ယခုအခါ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ယခင်ကကဲ့သို့ မြန်မာ့တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲများ ကျင်းပ၍ ရေကူးအားကစားလောက ယခုထက်ပိုမိုမြှင့်တင်ပေးနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် လက်ရှိမြန်မာ့ရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ နုတ်ထွက်သွားပြီးနောက် အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်မှုကို မည်သည့်ကာလ၌ မည်သို့အစားထိုးရွေးချယ်နိုင်မည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ နုတ်ထွက်စာတင်ပြခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် ယခု လတ်တလောတွင် မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် ခေတ္တဥက္ကဋ္ဌအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား တာဝန်ပေးအပ်ထားရှိပါကြောင်း၊ အတည်ပြုဖွဲ့စည်းရေးနှင့် ပြန်လည်ပြင်ဆင်ရွေး ကောက်တင်မြှောက်နိုင်ရေးအတွက် ကျန်ရှိသော မြန်မာ့အားကစားအဖွဲ့ချုပ်များနှင့်အတူ ရွေးကောက်ပွဲကော် မရှင်ပြန်လည်ဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် ကာလအတွင်း ကမ္ဘာ့ကပ်ရောဂါ COVID –19 ဖြစ်ပေါ်လာခြင်းကြောင့် ခေတ္တဆိုင်းငံ့ထားရပြီး အားကစား လှုပ်ရှားမှုများ စတင်ဆောင်ရွက်ခွင့်ပြုသည့် အချိန်တွင် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း။

 

တက္ကသိုလ်ရေကူးအားကစားလောက ယခုထက်ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ နှစ်စဉ် နွေရာသီ အခြေခံရေကူးသင်တန်း၊ အဆင့်မြင့်ရေကူးသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးခြင်း၊ အခြေခံပညာမှ စတင်၍ တက္ကသိုလ်ပေါင်းစုံအဆင့်အထိ ရေကူးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ နည်းပြဆရာသင်တန်းများ ကျင်းပပြုလုပ်ပေးခြင်း၊ နိုင်ငံခြားနည်းပြများကိုလည်း ငှားရမ်းလေ့ကျင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ မြေယာသိမ်းဆည်းခြင်း ကိစ္စရပ်များနှင့် မြေယာအငြင်းပွားမှုကိစ္စရပ်များ မဖြစ်ပွားမီ ရှေးကာလများကပင် ထုတ်ပေးထားသည့် မြေခွန်ပြေစာပါ ကွင်းအမည်၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်ပါ မြေတည်နေရာမှာ မြေသိမ်းဆည်းခြင်း ကိစ္စရပ်များနှင့် မြေယာ လုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာပြီးနောက်ပိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်း)မှ ၎င်းတို့၏ မှတ်တမ်းများအရ တောင်သူမှ တင်ပြလာသည့် မြေနေရာနှင့် တောင်သူလယ်ဝယ်ရှိ မြေခွန်ပြေစာပါ မြေတည်နေရာမှာ ကွဲလွဲမှုများ ရှိနေသည်ဟု ဆိုလာပါသဖြင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ဧရာဝတီတိုင်းဒေသကြီး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုသိမ်မြို့ရှိ ကျောက်တိုင် အားကစားကွင်းနှင့် ကိုးသိန်းအားကစားကွင်းတို့အား ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ရယူ၍ မျိုးဆက်သစ်လူငယ်များ အားကစား ပြုလုပ်နိုင်ရန် တိုင်းအားကစားကွင်းနှင့် မြို့နယ်အားကစားကွင်းအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် စောယှားဖောင်အွာက ကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု “အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်