ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော်  ၂   ဒီဇင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းကျောက်ထွင်း ဘုရားဂူ (၁၀)ဂူကို အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဒေသများ စာရင်းတွင် ထည့်သွင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းကျောက်ထွင်းဘုရားဂူ (၁၀)ဂူသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသမဟုတ်ဘဲ ရှေးဟောင်း အဆောက်အအုံသာဖြစ်သဖြင့် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ဒေသများ စာရင်းအဖြစ် သတ်မှတ်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သို့ရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့် ရှောက်ထားသော ရှေးဟောင်းအဆောက်အအုံများ စာရင်းတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍတွင် Illicit Trade / Conflict Economy (အထူးသဖြင့် မူးယစ်ဆေးဝါးရောင်း ဝယ်မှု) ကိုမည်ကဲ့သို့ ထိန်းချုပ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံတွင် တရားမဝင် ကုန်သွယ်မှု ကြီးထွားနေခြင်းသည် အငြင်းပွားဖွယ်မရှိပါကြောင်း၊ ယင်းသို့ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် စာရင်းမဝင် ကဏ္ဍများမှ စာရင်းဝင်ကဏ္ဍများသို့ ကူးပြောင်းနေဆဲဖြစ်ခြင်း၊ မြန်မာနိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ရရှိအောင် ကြိုးစားနေဆဲ ဖြစ်ခြင်းနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေဆဲဖြစ်ခြင်းစသည့် အခြေအနေများကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများနှင့် ထိစပ်နေသည့်  တိုင်ဒေသကြီး/ ပြည်နယ်(၉)ခုတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ များကို ဖွဲ့စည်းထားပြီး တားဆီးမှုများကို ပြုလုပ်လျက်ရှိပါကြောင်း။

 

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်၍  မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးအသွင်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို နိုင်ငံတော် သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၂၃ ရက်အတွင်း အမှုပေါင်း ၈၆၅မှု ဖွင့် လှစ်အရေးယူခဲ့ပြီး တရားခံ စုစုပေါင်း ၁၃၂၀ ကို ဖမ်းဆီးအရေးယူခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးမျိုးစုံနှင့် တရားမဝင်လက်နက် များကိုလည်း သိမ်းဆည်းရမိခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် ဗဟိုအဖွဲ့ကို ဖွဲ့စည်း ထားရှိပြီး မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများ၊ ဘိန်းအစားထိုးစိုက်ပျိုးရေး လုပ်ငန်းများ၊ ထိန်းချုပ်ဓာတုဗေဒ ကြီးကြပ်ရေးလုပ်ငန်းများ၊ သုံးစွဲမှုပပျောက်ရေးလုပ် ငန်းများ၊ ဆေးကုသရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသိပညာပေးရေးနှင့် ပညာပေး လှုံ့ဆော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် ကျောက်စိမ်း၊ သစ်၊ သတ္တုမှောင်ခို ရောင်းဝယ်မှုများနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးယူထုတ်လုပ်မှု ပပျောက်စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် တားဆီးဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် ရွှေနှင့်ဓာတ်သတ္တုများ  တရားမဝင် တူးဖော်နေမှုများအား ကာကွယ်တားဆီးဖမ်းဆီးနိုင်ရေး စီမံချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံး (၁၅)ရုံး၊ မြို့နယ်ရုံး (၂၆)ရုံး၊ OSS စခန်း (၁၅)ခု၊ မန္တလေးတိုင်းဒေသကြီး (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းနှင့် ရေပူ/မရမ်းချောင် အမြဲတမ်းစစ် ဆေးရေးစခန်း (၂) ခုတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော် အစိုးရအနေဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါကြောင်းနှင့် ယင်းလုပ်ငန်းများ ပိုမို အောင်မြင်ရေးအတွက် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စာနယ်ဇင်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးသွားစေလိုပါကြောင်း ဖြေကြားသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်၏ နိုင်ငံတကာတွင် ခန့်အပ်ထားသော စီးပွားရေးသံမှူးများ ပို့ကုန်မြှင့်တင်ရေးအတွက် စိုက်ပျိုးသီးနှံများ ဈေးကွက်အသစ်ရရှိအောင် မည်သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က စီးပွားရေးသံမှူးများအနေဖြင့် မြန်မာ့ထုတ်ကုန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ဈေးကွက်ထိုးဖောက်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေးလုပ်ငန်းများ အတွက် သက်ဆိုင်ရာ နိုင်ငံများ၏ ဈေးကွက်သတင်းအချက်အလက်များ၊ သွင်းကုန် တင်သွင်းခြင်းဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ လိုအပ်ချက်များ၊ စီးပွားရေး မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများအား အချိန်နှင့်တစ်ပြေးညီ လေ့လာတင်ပြခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်ပရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏စီးပွား ရေး ဖွံ့ဖြိုးတိုး တက်မှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့် စီးပွားရေးဝန်းကျင်ဆိုင်ရာ အချက်အလက်များကိုလည်း သက်ဆိုင်ရာ နိုင်ငံများရှိ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ သိရှိစေရန် အခါအားလျော်စွာ ရှင်းလင်း တင်ပြခြင်း၊ စုံစမ်းမေးမြန်းလာပါက ဖြေကြားခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။

 

ထို့ပြင် စီးပွားရေးသံမှူးများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် စီးပွားရေး ဆိုင်ရာ သတင်းအချက်အလက်များ၊ ဈေးကွက်သတင်းအချက်အလက်များကို အပတ် စဉ်၊ လစဉ်၊ (၆)လတစ်ကြိမ်၊ (၁)နှစ် တစ်ကြိမ် အစီရင်ခံစာများ ပြုစုပေးပို့ တင်ပြစေ လျက်ရှိပြီး အများပြည်သူသိရှိနိုင်ရန်အတွက် အပတ်စဉ်ထုတ်ဝေလျက် ရှိသည့် စီးပွား ကူးသန်းဂျာနယ်တွင် ဖော်ပြခြင်း၊ ဈေးကွက်သတင်းလွှာအား အင်တာ နက်တွင် နေ့စဉ်၊ လစဉ် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း နှင့် သက်ဆိုင်ရာ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်/ ကုမ္ပဏီများမှ သိရှိလိုသည့် စုံစမ်းမေးမြန်းလာမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းချုပ်များနှင့် ချိတ်ဆက်၍ ပြန်လည်ဖြေကြားခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် ၏ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမှီ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဖွင့်လှစ်ရုံးထိုင်ပေးရန်နှင့် ရုံးခွဲအဆောက်အဦကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမကျင်းပမှီ မတူပီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအား မတူပီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တွဲဘက်ဖွင့်လှစ်၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ မတူပီခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဆောက်လုပ်ရန်ကိစ္စနှင့် စပ်လျဉ်း၍ မတူပီမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မတူပီမြို့နယ်ရှိ ဖနိုင် နှင့် ငလိုင် ကျေးရွာအုပ်စုကြား တွင်ရှိသည့် မြေနေရာကို ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ရန်အတွက် မြေဧရိယာ ဧက (၁၈၀) အတွင်းမှ ဧရိယာ (ဝ ဒသမ ၄၁၃) ဧကကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၉) ဆုံးဖြတ်ချက် (၁၄)အရ မြေနေရာသတ်မှတ်ပေးပြီး ဖြစ်ပါသဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးပိုင်မြေနေရာအဖြစ် ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြေနေရာရရှိပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံ၍ ဘဏ္ဍာ ငွေ ရရှိပါက ခရိုင်ရုံးအဆောက်အုံဆောက်လုပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း  ဖြေကြားသည်။

 

အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး ၏ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့၊ ပသီချောင်းနံဘေး တစ်လျှောက်တွင် ဇေကမ္ဘာ ကုမ္ပဏီမှ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ လမ်း၊ တံတား၊ ဈေးဆိုင်၊ ရေတံခွန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ တရားဝင်မှု ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင် ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိအသုံးပြုခြင်း မရှိတော့ဘဲ တဖြည်းဖြည်းဟောင်းနွမ်းယိုယွင်း ပျက်စီးနေပြီဖြစ်သည့် အဆောက်အဦများ တည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာ များရှိ စပါးဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေး လက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူ အကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် လည်း ကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ (City Land) အဖြစ်သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက် ညီညီစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မြို့ပြနှင့်ကျေးလက် ဒေသများတွင် မြေနေရာရှားပါးမှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့ နေရသည့်အတွက် အစိုးရအဆက်ဆက် အသုံးပြုခြင်း မရှိတော့သည့် ဝန်ကြီးဌာနပိုင် မြေနေရာများသည် မြို့ပြနှင့် ကျေးလက်ဒေသစီမံခန့်ခွဲခွင့်ရမြေနေရာများအဖြစ် အဆင် သင့် တည်ရှိနေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်စေရန် ဆောင်ရွက် သည့်အခါတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် အများနှင့် ဆိုင်သည့် နေရာများသည်လည်း အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာ ပါကြောင်း။

 

မိမိတို့နိုင်ငံတွင် အများပြည်သူအတွက် အခမဲ့အပန်းဖြေအနားယူနိုင်သည့် နေရာများသည် မြို့နယ်တိုင်းတွင် လိုအပ်လျက်ရှိပြီး ယင်းသို့ စိတ်အပန်းဖြေအနားယူ နိုင်မှသာလျင် စိတ်ရောကိုယ်ပါကျန်းမာသည့် နိုင်ငံသူနိုင်ငံသားများအဖြစ် ရပ်တည်နေ နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးချင်းစီအတွက် အများပိုင်၊ ပြည်သူပိုင်နေရာ အကျယ်အဝန်း မည်မျှထားသင့်သည် ဟူသည့် စံသတ်မှတ်ချက်ကို မြို့နယ်တစ်ခုချင်း စီအလိုက် လိုအပ်နေကြောင်းကိုလည်း မြို့ပြစီမံကိန်းပညာရှင်များက အကြံပြုထား သည်ကိုလည်း လေ့လာဖတ်ရှုရပါကြောင်း၊ ထို့ကြောင့် မြို့ပြမြေနေရာရှားပါးမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ်များသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းအပ်နှံ ပြီး မြို့ပြစီမံခန့်ခွဲခွင့်ရမြေယာများ အဖြစ် ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် နိုင်ငံအကျိုး၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကို ရှေးရှု၍ အဆိုတင်သွင်း အပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့် က အဆိုအား ထောက်ခံပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ က ယင်းအဆိုကို လက်ခံဆွေး နွေးရန် သင့်/ မသင့် လွှတ်တော်၏ ဆန္ဒရယူ၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

 

အောင်ရဲသွင်