လော့စ်အိန်ဂျလိစ် မတ် ၁၄
အမေရိကန် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒန်ဗာလေဆိပ်တွင် မတ် ၁၃ ရက်က ဆင်းသက်စဉ် မီးလောင်ခဲ့သည်ဟု အမေရိကန် လေကြောင်းဗဟိုစီမံခန့်ခွဲမှုအဖွဲ့ က ပြောသည်။
ဘိုအင်း ၇၃၇-၈၀၀ လေယာဉ်သည် ကော်လိုရာဒိုမြို့မှ ထွက်ခွာလာခဲ့ပြီးနောက် အင်ဂျင်တုန်ခါမှုကို လေယာဉ် အမှုထမ်းများ သိရှိသည့်အခါ ဒန်ဗာလေဆိပ်သို့ လမ်းကြောင်းပြောင်းခဲ့ကြောင်း အမေရိကန်လေကြောင်းဗဟိုစီမံ ခန့်ခွဲမှုအဖွဲ့က ပြောသည်။
လမ်းကြောင်းပြောင်းဆင်းသက်
အဆိုပါလေယာဉ်သည် မူလက ဒါလက်စ်ဖို့ဒ်ဝေါ့ဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ရန် ဦးတည်ခဲ့သည်။ သို့သော်လည်း ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဒန်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လမ်းကြောင်းပြောင်းကာ ဆင်းသက်ခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမေရိကန်လေကြောင်း ဗဟိုစီမံခန့်ခွဲမှုအဖွဲ့က ပြောသည်။
ခရီးသည်များကိုကယ်ထုတ်
မြေပြင်တွင် လေယာဉ်ဖြည်းဖြည်းမောင်းနှင်စဉ် လေယာဉ်အင်ဂျင်တစ်လုံး မီးစွဲလောင်ခဲ့ပြီး အရေးပေါ် ရော်ဘာလျှောများ အသုံးပြု၍ ခရီးသည်များကို ကယ်ထုတ်ခဲ့ရသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၂ ဦးနှင့် လေယာဉ်အမှုထမ်း ခြောက်ဦး လိုက်ပါလာသည်။ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများကို လေဆိပ်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောသည်။
ဆင်ဟွာ