ဒီဇိုင်းဆန်းဖြင့်ပြောင်းလဲလာသည့် ကျောက်သင်ပုန်းလုပ်ငန်း

မော်လမြိုင် ၃၀ စက်တင်ဘာ

မွန်ပြည်နယ်အတွင်းရှိ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ၌ ကျောက်သင်ပုန်း လုပ်ငန်းရှင်များသည် နည်းပညာ တိုးတက်လာသည်နှင့်အမျှ အသုံးနည်းလာသည့် သင်ကြားရေး အထောက်အကူပြု ကျောက်သင်ပုန်းများအစား ဒီဇိုင်းအသစ်အဆန်းများဖြင့် ဈေးကွက်ကို ပြန်လည်ရရှိအောင် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ကျောက်သင်ပုန်းကို အရင်ကလို မသုံးကြတော့သည့်အတွက် ဈေးကွက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်လာကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် တချို့
ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ကြောင်း၊ လွန်ခဲ့သည့်သုံးနှစ်က
ကျောက်အချပ်သုံးသောင်းခန့် ထုတ်ရသော်လည်း ယခုနှစ်ပိုင်းတွင် ကျောက်အချပ် သုံးထောင်ခန့်သာ ရောင်းချရကြောင်း၊ လက်ရှိမုဒွန်းကျေးရွာတွင် ကျောက်သင်ပုန်းလုပ်ငန်းကို ခုနစ်ဦးခန့်သာ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ကျောက်သင်ပုန်းလုပ်ငန်းရှင် ဒေါ်သန်းမြင့်က ပြောသည်။

မိရိုးဖလာလုပ်ငန်းဖြစ်သည့် ကျောက်သင်ပုန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုသော်လည်း လက်ရှိတွင် လူသုံးကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကိုသာ အနည်းငယ်ပြုလုပ်နေရကြောင်း၊ ဈေးကွက်မရှိသည့်အတွက် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများရှိသော်လည်း ဒီဇိုင်းသစ်များဖြင့် လူကြိုက်များအောင် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျောက်ကွယ်လုနီးပါးကျောက်သင်ပုန်းများကို ကျောက်သင်ပုန်းပန်းချီ၊ ကျောက်ထွင်းပန်းချီ၊ မင်္ဂလာဖိတ်စာ၊ အိမ်ဆောက်ပစ္စည်းများ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ အဆင့်မြင့်ထုတ်ကုန်များအဖြစ် မိရိုးဖလာ ကျောက်သင်ပုန်းလုပ်ငန်းကို ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)