ဓနုဖြူမြို့နယ် ကလေးစာပေပွဲတော်အကြို ရင်တွင်းစကားသံများ

ဓနုဖြူ ၁၅ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်လျက်ရှိရာ ကလေးစာပေပွဲတော် ကျင်းပမှုနှင့်ပတ်သက်သည့် အကြိုရင်တွင်း  စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

 

mdn

ဦးတင်လှ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊  ဓနုဖြူမြို့)

ဓနုဖြူမြို့နယ်မှာ ကလေးစာပေပွဲတော်ကို  ကျင်းပခွင့်ရတဲ့အတွက် အလွန်ပင်ဝမ်းမြောက်  ဂုဏ်ယူမိပါတယ်။ ကလေးစာပေပွဲတော်  ကျင်းပခွင့်ရအောင်စီစဉ်ပေးတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကူညီထောက်ပံ့မှု တိုင်း၊  ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံပညာ ဦးစီးဌာနက ဆရာ၊ ဆရာမများကျောင်းသား ကျောင်းသူများက ကျရာတာဝန်ကို ပူးပေါင်းဆောင်ရွက်ပြီး ပြိုင်ပွဲ အသီးသီးမှာလည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် အခြေခံပညာကျောင်း အသီးသီးက ကလေးတွေရဲ့ ဉာဏ်ရည်တွေကိုထက်မြက်စေတဲ့ ပွဲတော်ကြီးတစ်ခုလို့လည်း ယုံကြည်မိပါတယ်။ ဒီလိုပွဲမျိုးကို ကျင်းပ ခြင်းအားဖြင့် စီစဉ်ပေးသူတွေ၊ ဝိုင်းဝန်းဆောင်ရွက်သူတွေ တာဝန်ရှိသူတွေဘက်ကလည်း ဂုဏ်ယူစရာ ဓနုဖြူမြို့ရဲ့ ကလေးစာပေပွဲတော်ဖြစ်ကြောင်း ပြောချင်ပါတယ်။

 

mdn

ဦးကျော်ကျော်ဦး (ဓနုဖြူမြို့နယ်အုပ်ချုပ်ရေးမှူး)

အခုကျင်းပတဲ့ ကလေးစာပေပွဲတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်ပေးမှုနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီတို့ပေါင်းစပ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ အစည်းအဝေးပြုလုပ်ပြီး ဆပ်ကော်မတီအလိုက် ဌာနဆိုင်ရာတွေ၊ မြို့မိ မြို့ဖတွေ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့နဲ့အတူ ပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိသူတွေနဲ့အတူ ဓနုဖြူမြို့ရှိ ပြည်သူများပါ ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက် စည်စည်ကားကား ကျင်းပနိုင်ပြီး ကလေးတွေအတွက် စာဖတ်မှု အလေ့အကျင့်ကောင်းတွေ၊ ပူးပေါင်းဆောင် ရွက်မှုအလေ့အကျင့်ကောင်းတွေ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

 

mdn

ဦးတင်မောင်ဝင်း (ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ)

ဓနုဖြူမြို့နယ်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ဓနုဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကလေး စာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေး နေတာဖြစ်ပါတယ်။ ကလေးစာပေပွဲတော် ကျင်းပခွင့်ရတဲ့အတွက် ဓနုဖြူမြို့နယ် အတွင်းရှိ ကျောင်းသား ကျောင်းသူလေးတွေ အတူစုပေါင်းပြီး တွေ့ဆုံခွင့်ရတဲ့ရလဒ်တွေ၊ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေ၊ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိမှာဖြစ်တဲ့ အတွက် အလွန်ဝမ်းသာမိပါတယ်။

 

mdn

ဒေါ်ချိုချိုငြိမ်း (ဓနုဖြူမြို့ အ-ထ-က (၂) ကျောင်းအုပ်ဆရာမကြီး)

ကလေးစာပေပွဲတော်ကို ကျွန်မတို့ကျောင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အရင်က ဒီလိုပွဲမျိုး မကြုံဖူးခဲ့ပါဘူး။ အခုဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်မှုနဲ့ ကျင်းပ ခွင့်ရခဲ့ပြီး ကလေးတွေ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးလာမယ်။ ကလေးစာပေပွဲတော်မှာ မိဘတွေပါ ပါဝင်လာတာဖြစ်တဲ့အတွက် ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူတွေ လက်တွဲညီညီ ချစ်ခင်ရင်းနှီးစွာ၊ ပျော်ရွှင်စွာ ဆင်နွှဲတာဖြစ်တဲ့အတွက် ကျွန်မတို့ကျောင်း အနေနဲ့ ဂုဏ်ယူမိပါတယ်။

 

mdn

မရွှေယမင်း (နဝမတန်း (က)၊ အ-ထ-က(၂))

သမီးကတော့ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း နဝမတန်း(က) မှာ ပညာသင်ကြားနေတဲ့ မရွှေယမင်း ဖြစ်ပါတယ်။ သမီးတို့ကျောင်းမှာ ကလေး စာပေပွဲတော် ကျင်းပမှာဖြစ်တဲ့အတွက်  အလွန်ပဲ ပျော်ရွှင်ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးစာပေပွဲတော်ကို ပါဝင်ဆင်နွှဲခွင့်ရတော့မှာ ဖြစ်တဲ့အတွက် ကျင်းပပေးတဲ့ တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကလေးစာပေပွဲတော်မှာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အရုပ် ဆက်ကစားနည်း အိမ်ဆောက်ကစားနည်း၊ စက္ကူခေါက်ကစားနည်း ဂိမ်းကစားနည်း  စာပေဟောပြောပွဲ စတဲ့ကစားနည်းနဲ့ ပြိုင်ပွဲတွေကို သမီးနဲ့ သမီးသူငယ်ချင်းတွေ ပါဝင် ဆင်နွှဲခွင့်ရမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်  ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

တွေ့ဆုံမေးမြန်း-ဝဠာနိုင် (ညောင်တုန်း)

ဓာတ်ပုံ- အောင်ခိုင် (မအူပင်)