ဓနုဖြူမြို့နယ် ကလေးစာပေပွဲတော်အကြို ရင်တွင်းစကားသံများ

ဓနုဖြူ    ၁၅   နိုဝင်ဘာ           

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကလေးစာပေပွဲတော်ကို နိုဝင်ဘာလ  ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ကလေးစာပေပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ ကလေးစာပေပွဲတော် ကျင်းပမှုနှင့်ပတ်သက်သည့် အကြိုရင်တွင်း စကားသံများကို အများပြည်သူသိရှိပြီး ပါဝင်ဆင်နွှဲ မုဒိတာပွားစေရန် ဖော်ပြပေးလိုက်ပါသည်။

 

ဦးတင်လှ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဓနုဖြူမြို့)

 

ဓနုဖြူမြို့နယ်တွင် ကလေးစာပေပွဲတော်ကို ကျင်းပခွင့်ရတဲ့အတွက် အလွန်ပင်ဝမ်းမြောက် ဂုဏ်ယူမိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဖော်ဆောင်ရာမှာ နိုင်ငံရေးလိုအင်၊ အုပ်ချုပ်ရေး လိုအင်များကို အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖော်ထွန်းရေး အတွက် ကလေးစာပေပွဲတော်ကြီးကို ကျင်းပမှာဖြစ်ပါတယ်။ ကလေးစာပေပွဲတော် ကျင်းပ ခွင့်ရအောင် စီစဉ်ပေးသော တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကူညီထောက်ပံ့မှု တိုင်း၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံ ပညာဦးစီးဌာနက ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေက ကျရာတာဝန်ကို ပူးပေါင်းဆောင်ရွက်ပြီး ပြိုင်ပွဲ အသီးသီးမှာလည်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် အခြေခံပညာကျောင်း အသီးသီးက ကလေးတွေရဲ့ ဉာဏ်ရည်တွေကို ထက်မြက်စေတဲ့ ပွဲတော်ကြီးတစ်ခုလို့လည်း ယုံကြည်မိပါတယ်။ ထူးခြားချက်ကတော့ ဒီလိုကလေးစာပေပွဲတော်ကို ကျင်းပပေးခြင်းအားဖြင့် တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကိုယ်ရည်သွေး အတွေးအခေါ် မြော်မြင်မှုတွေ စဉ်းစားတီထွင်ကြံဆမှုတွေ စုပေါင်းဆောင်ရွက်မှုတွေ တနည်းဆိုရရင် နှစ်ဆယ့်တစ်ရာစုရဲ့ စွမ်းဆောင်ရည်တွေကို လေ့ကျင့်ပေးတဲ့ပွဲဖြစ်တယ်လို ပြောလိုပါတယ်။ ဒီလိုပွဲမျိုးကို ကျင်းပ ခြင်းအားဖြင့် စီစဉ်ပေးသူတွေ ဝိုင်းဝန်းဆောင်ရွက်သူတွေ တာဝန်ရှိသူတွေဘက်ကလည်း ဂုဏ်ယူစရာ ဓနုဖြူမြို့ရဲ့ ကလေးစာပေပွဲတော်ဖြစ်ကြောင်း ပြောကြားချင်ပါတယ်။

 

ဦးကျော်ကျော်ဦး (ဓနုဖြူမြို့နယ် အုပ်ချုပ်ရေးမှူး)

 

ယခု ကျင်းပပြုလုပ်တဲ့ ကလေးစာပေပွဲတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပေါင်းစပ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကလေးစာပေပွဲတော်ကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ ၂ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။ ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ပြီး ဆပ်ကော်မတီအလိုက် ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့နှင့်အတူ ပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။  တာဝန်ရှိသူတွေနဲ့အတူ ဓနုဖြူမြို့ရှိ ပြည်သူများပါ ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့ အတွက် စည်စည်ကားကားကျင်းပနိုင်ပြီး ကလေးတွေအတွက် စာဖတ်မှုအလေ့ကျင့် ကောင်းတွေ ပူးပေါင်းဆောင်ရွက်မှု အလေ့ကျင့် ကောင်းတွေ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်မိကြောင်း ပြောကြားလိုပါတယ်။

 

ဦးတင်မောင်ဝင်း (ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ)

 

ဓနုဖြူမြိုနယ်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ဓနုဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌအနေနဲ့ ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတ်စွမ်းသမျှ ဝိုင်းဝန်း ကူညီပေးနေတာဖြစ်ပါတယ်။ ကလေးစာပေပွဲတော် ကျင်းပခွင့်ရတဲ့အတွက်လည်း ဓနုဖြူမြို့နယ် အတွင်းရှိ ကျောင်းသား။ ကျောင်းသူလေးများက အတူစုပေါင်းပြီး တွေ့ဆုံခွင့်ရတဲ့ ရလဒ်တွေ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့ကျင်းကောင်းတွေ ရရှိမှာ ဖြစ်တဲ့အတွက် အလွန်ဝမ်းသာမိကြောင်းပြောကြားလိုပါတယ်။                   

 

ဒေါ်ချိုချိုငြိမ်း (ဓနုဖြူမြို့ အ-ထ-က (၂) ကျောင်းအုပ်ဆရာမကြီး)

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကလေးစာပေပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျွန်မတို့ကျောင်းမှာ ကလေးစာပေပွဲတော်ကျင်းပမှာဖြစ်ပါတယ်၊ အရင်ကဒီလိုပွဲမျိုး မကြုံဖူးခဲ့ပါဘူး၊ အခုဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကလေးစာပေပွဲတော် ကျင်းပခွင့်ရခဲ့ပြီး ကလေးများတစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးလာမယ်၊ ကလေးစာပေပွဲတော်မှာ မိဘတွေပါ ပါဝင်လာတာဖြစ်တဲ့အတွက် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများ လက်တွဲညီညီ ချစ်ခင်ရင်းနှီးစွာဖြင့် ပျော်ရွှင်စွာဆင်နွဲတာဖြစ်တဲ့အတွက် ကျွန်မတို့ ကျောင်းအနေနဲ့ ဂုဏ်ယူမိပြီး ကလေးများအတွက်လည်း အနာဂတ်မှာ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာမယ်ဆိုတာ ယုံကြည်မိပါတယ်။

 

ယခုလို ကလေးစာပေပွဲတော်ကျင်းပပေးသော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိ သူအားလုံးကို ဓနုဖြူမြို့ ပညာရေးဌာနကျောင်းများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

 

မရွှေယမင်း (နဝမတန်း (က)၊ အ-ထ-က (၂)

 

သမီးကတော့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ် (၂) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော နဝမတန်း (က) မှ မရွှေယမင်းဖြစ်ပါတယ်။ သမီးတို့ကျောင်းမှာ ကလေးစာပေပွဲတော် ကျင်းပမှာဖြစ်တဲ့အတွက် အလွန်ပင်ပျော်ရွှင် ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးစာပေပွဲတော်ကို ပါဝင်ဆင်နွဲခွင့် ရတော့မှာဖြစ်တဲ့အတွက် ကျင်းပပေးသော တာဝန်ရှိလူကြီးမင်းများကို အထူးပင် ကျေးဇူးတင် ရှိပါတယ်။ ကလေးစာပေပွဲတော်မှာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်ကစားနည်း၊ အိမ်ဆောက်ကစားနည်း၊ စက ္ကူ ခေါက်ကစားနည်း၊ ဂိမ်းကစားနည်း၊ စာပေဟောပြောပွဲစသော ကစားနည်းနှင့် ပြိုင်ပွဲများကို သမီးနှင့် သမီး သူငယ်ချင်းများ ပါဝင်ဆင်နွှဲခွင့်ရမှာဖြစ်တဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း ပြောကြားလိုပါတယ်။

 

တွေ့ဆုံမေးမြန်း- ဝဠာနိုင် (ညောင်တုန်း)

ဓာတ်ပုံ- အောင်ခိုင် (မအူပင်)