ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုမှ တရားခံအား (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၇ မတ် 

    

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်၊ အေ(၉)လမ်း၊ တိုက် (၅/၂၀၄)တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း  သိရသည်။ 

  

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့နယ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဧည့်ခန်းအတွင်း၌ သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်နေ ကိုဟိန်းမင်းအောင် (၂၇)နှစ် (ဆွီတီးဟုမ်းအရောင်း ဝန်ထမ်း)အား ပြတ်ရှဒဏ်ရာ(၂)ချက်၊ ထိုးသွင်းဒဏ်ရာ (၆)ချက်ဖြင့်လည်းကောင်း၊ အဆိုပါ တိုက်ခန်းနေ မမြင့်မြင့်ဝင်း (၂၃)နှစ် (ဆွီတီးဟုမ်းအရောင်း ဝန်ထမ်း)အား ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့်လည်းကောင်း သေဆုံးနေသည်ကိုတွေ့ရှိရ၍ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း(ပ)၄၁၈/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။


    

ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်း ဆောင်ရွက်ခဲ့ရာ ပတ်ဝန်းကျင်သက်သေများနှင့် သေဆုံးသူများ၏ လုပ်ဖော်ကိုင်ဖက်များ ထွက်ဆိုချက်အရ ၎င်းတို့နှင့် အတူအလုပ်လုပ်ကိုင်သူ မြောက်ဥက္ကလာပမြို့နယ်နေ ထက်ရှိုင်း(ခ)ဖိုးထက် (၂၂)နှစ် (ဆွီတီးဟုမ်း အရောင်းဝန်ထမ်း)မှာ မတ်လ ၄ ရက်မှစတင်ကာ အလုပ်မဆင်းဘဲ ပျောက်ဆုံးနေသောကြောင့် အမှုနှင့်ပတ်သတ်၍ မသင်္ကာဖွယ်ရာ စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက်စုံစမ်းခဲ့ရာ ထက်ရှိုင်း(ခ)ဖိုးထက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စနေတောင်ကျေးရွာနေ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ၏ နေအိမ်သို့ရောက်ရှိတိမ်းရှောင်နေကြောင်း သိရှိရသဖြင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ပြစ်မှုကျူးလွန်သူအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိရေး သတင်းကွင်းဆက် မပြတ်ဆက်စပ် ဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် စနေတောင်ကျေးရွာ၌ ထက်ရှိုင်း(ခ)ဖိုးထက်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှ ကိုဟိန်းမင်းအောင်နှင့် မမြင့်မြင့်ဝင်း တို့အား ဓားမြှောင်ဖြင့်ထိုးခဲ့ကြောင်း ဝန်ခံထွက်ဆိုသောကြောင့် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 


MDN