ဒေသမျိုးစုံမှ အပြိုင်ထွက်ရှိလာသည့် ထောပတ်ပဲများ မန္တလေးဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်

မန္တလေး မတ် ၁၅

ယခုရာသီတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ နွားထိုးကြီး မြို့နယ်များနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ စလင်းနှင့် ပွင့်ဖြူ စသည့် ဒေသမျိုးစုံမှ အပြိုင်ထွက်ရှိလာသည့် ထောပတ်ပဲများ မန္တလေးဈေးကွက်သို့ လှိုင်လှိုင် ဝင်ရောက်လာကာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါပဲများမှာ ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် ဇန်နဝါရီလအတွင်းက သုံးတင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ (အကြီး)မှာ ငွေကျပ်တစ်သိန်းနှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အသေး)မှာ ငွေကျပ် ခြောက်သောင်းနှုန်းဖြင့်လည်းကောင်း၊ အဖွင့်ဈေးစခဲ့ပြီး ယခု လှိုင်လှိုင်ပေါ်ချိန်တွင် ထောပတ်ပဲ(အကြီး)မှာ ငွေကျပ် ရှစ်သောင်းနှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အသေး)မှာ ငါးသောင်းရှစ်ထောင်နှုန်းဖြင့်လည်းကောင်း၊ တရုတ်ဝယ်လက်များက ဈေးပေးဝယ်ယူလျက်ရှိသည်။

 

“ထောပတ်ပဲကို ပြည်တွင်းတွင် စားသုံးသကဲ့သို့ ပြည်ပပို့ကုန်အဖြစ်လည်း အထွက်နှုန်း၏ ၈၀ ရာခိုင်နှုန်းကို တင်ပို့ရောင်းချနေရတယ်။ ထောပတ်ပဲ(အကြီး)ကို ဂျပန်နိုင်ငံက နှစ်စဉ်ဝယ်ယူလေ့ရှိပြီး တရုတ်နိုင်ငံကတော့ အကြီးရော အသေးရော ပုံမှန်ဝယ်ယူနေကြတယ်။ လက်ရှိဈေးကွက်မှာလည်း တရုတ်ဝယ်လက်တွေနဲ့ ရန်ကုန် ဝယ်လက်တွေ အပြိုင်ဝယ်ယူနေကြတယ်”ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

ယခုကာလ၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါ ဂယက်ကြောင့် ပဲဈေးနှုန်းများ ကျဆင်းကာ အရောင်းအဝယ်များ အေးစက်နေသော်လည်း ထောပတ်ပဲမှာမူ တရုတ်ငွေကြေး အနည်းငယ် မြင့်တက်လာမှုကြောင့် လက်ရှိအချိန်တွင် ဝယ်လိုအား ပိုမိုကောင်းမွန်ကာ ဈေးနှုန်းမှာလည်း ထင်သလောက် ကျဆင်းမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

ထောပတ်ပဲကို မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးကြပြီး နိုင်ငံတော်မှ ပြည်ပပို့ကုန်အဖြစ် အထွက်နှုန်းတိုးစေရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ နွားထိုးကြီးနှင့် မလှိုင်မြို့နယ်များတွင် စံပြစိုက်ခင်းများဖြင့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)