ဒေသအတွင်း လာရောက်လည်ပတ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိ အာခါတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများဖော်ထုတ်

ကျိုင်းတုံ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွယ်မွေကျေးရွာအုပ်စု ဟိုကျင်းအာခါ(ခရီးသွားကျေးရွာ)၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွဲ (ရှမ်း အရှေ့) အဖွဲ့ဝင်(၂) ဒေါက်တာ လှရွှေ က အမှာစကားပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲတာဝန်ခံ ဦးမင်းမောင်စိုးက ကျိုင်းတုံမြို့နယ် ဟိုကျင်း အာခါ (ခရီးသွားကျေးရွာ)၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူနှင့် ပြည်တွင်းပြည်ပခရီးသည်များ ဒေသအတွင်းလာရောက် လည်ပတ်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက် ရရှိနိုင်ခြင်း၊ အာခါတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ အားဖော်ထုတ်၍ ဆက်လက်ထိန်းသိမ်း နိုင်စေရေးစသည့် ရည်ရွယ်ချက်များချမှတ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင် (၃) ဦးလုကာက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

သင်တန်းတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာဘာသာရပ်များ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ အခြေခံအင်္ဂလိပ်စာ၊ ရှေးဦးသူနာ ပြုစုနည်းစသည့် ဘာသာရပ်များကို နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁၀ ရက် ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ဟိုကျင်းကျေးရွာမှ သင်တန်းသား၃၀တက်ရောက်ကြောင်း သိရသည်။ အဆိုပါ ကျိုင်းတုံမြို့နယ် ဟိုကျင်းကျေးရွာအား ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဒေသအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)