စရိတ်ကျဉ်း စပါးအထွက်တိုး စိုက်ပျိုးရေး

ဦးကြီးဝိုင်း (အားမာန်သစ် စာကြည့်တိုက်)

 

ခေတ်အဆက်ဆက် လယ်ယာစိုက်ပျိုးရေးကို အဓိကထား ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ မျက်မှောက်ခေတ်ကာလမှာလည်း လယ်ယာစိုက်ပျိုးရေးကိုပဲ မဏ္ဍိုင်ပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ၏ဆန်စပါးသည် နိုင်ငံခြားတင်ပို့မှုတိုးတက်လျက်ရှိပြီး ပြည်တွင်းပြည်ပဈေးကွက် ခိုင်မာတည်ငြိမ်နေပါတယ်။ ဆန်စပါးဈေးနှုန်း အတက်အကျမရှိသော်လည်း လယ်သမားများ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်က များပြားမြင့်တက်နေသဖြင့် အရင်း (သို့) အရှုံးဖြင့် ရင်ဆိုင်နေကြရပါတယ်။

 

မိတ်ဆက်

 

ဒီအခက်အခဲကို ကျော်လွှားလွတ်မြောက်ဖို့ “ စရိတ်ကျဉ်း စပါးအထွက်တိုး စိုက်ပျိုးရေး” နည်းစနစ်တစ်ခုကို ဦးကြီးဝိုင်းက မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီစနစ်ကို လက်တွေ့ဆောင်ရွက်သူ လယ်သမားက ကိုမှိုင်းဟု အမည်ရပါတယ်။ အကြံပြုသူနှစ်ဦးလည်း ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ကင်းရွာဟု (၃) ဦးရဲ့ လိပ်စာကို မှတ်သားနိုင်ပါတယ်။

 

စရိတ်ဘယ်လိုကျဉ်းသလဲ

 

ပထမပိုင်း = ပျိုးထောင်ရန်မလို၊ လယ်ဖော်ရေတင်ရန်မလို၊ ကောက်စိုက်ရန် မလိုသောစနစ် ဖြစ်ပါတယ်။ ကုန်ကျစရိတ် ကျပ်ငွေတစ်သိန်းခွဲမက သက်သာသည်ကို တွေ့ရှိရပါမယ်။

 

ဒုတိယပိုင်း = SRI နည်းကို အခြေခံတီထွင်ထားသော နည်းဖြစ်ပါသဖြင့် ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး မသုံးစွဲရသော်လည်း သဘာဝမြေသြဇာသုံးစွဲရမှာ ဖြစ်တာကြောင့် သဘာဝမြေဩဇာ ကုန်ကျစရိတ်ရှိပါမယ်။ လယ်သမားများ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ အထူးလေ့လာပြုလုပ်သုံးစွဲကြပါ။

 

တမန်းနှိုးပေါင်းထိုးစရိတ် ရှိပါမယ်၊ တမန်းနှိုး ပေါင်းထိုးသည့်အခါ ရေတင်စရိတ် အနည်းငယ်ရှိပါမယ်။ အနှံသန္ဓေလောင်းဝင်ချိန်မှာ အောင်ရေတင်စရိတ်နဲ့ ရိတ်သိမ်းစရိတ်ရှိပါမယ်။ ဒီစရိတ်များဟာလည်း ကျပ်ငွေ တစ်သိန်းခွဲထက်မပိုသည်ကို တွေ့ရှိရပါမယ်။

 

စိုက်ပျိုးနည်းအဆင့်ဆင့်

 

SRI နည်းဖြင့် စပါးစိုက်ပျိုးနေကျ လယ်သမားများက ပထမပိုင်း ပြောင်းလဲလိုက်လျှင် ပြည့်စုံပါပြီ ။

 

၁။ (က) SRI နည်းဖြင့် စပါးစိုက်ပျိုးနေကျ လယ်ကွက်ဆိုလျှင် တစ်ဧက နွားချေး (သို့) မြေဆွေး မြေဩဇာ (၁၅) တင်းနှုန်း ထည့်သွင်းပါ။

 

(ခ) ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးသုံးထားသော လယ်မြေဆိုလျှင်နုန်းမြေတင်း (၃၀) နှင့် နွားချေး (သို့) မြေဆွေး (၂၅) တင်းနှုန်း ထည့်သွင်းပြီး ပျံ့နှံ့အောင် ထွန်မွှေထားလျှင် ပေါင်းလည်းမွေးပြီး ဖြစ်ပါတယ်။ ဓာတ်မြေ ဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး သုံးထားသော အဆိပ်သင့်မြေကြီးကို စရိတ်ကျဉ်း စိုက်ပျိုးရေးနည်းက ကြောက်သောကြောင့် နုန်းမြေထည့်ပေးရခြင်း ဖြစ်ပါတယ်။

 

၂။ မစိုက်ပျိုးမီ တစ်လခွဲကြိုတင်၍ ထယ်ရေး ထွန်ရေးညက်စွာသွင်းပြီး အမှိုက်ကင်းစင်အောင် ကောက်ရမှာ ဖြစ်ပါတယ်။

 

၃။ တစ်လအကွာတွင် တမန်းအောက်ပြီမို့ ဒုတိယအကြိမ်ထယ်ရေး၊ ထွန်ရေး မညက်ညက်အောင်သွင်း၍ အမှိုက်ကင်းစင်အောင် ကောက်ရပါမယ်။

 

၄။ ၁၅ - ရက်အကွာတွင် တတိယအကြိမ် ထွန်မွှေပြီးလျှင် (၁၃) လက်မလေးသွားထွန်ကြောင်း ဆွဲပြီး စပါးမျိုးစေ့ကို ခပ်ပါးပါးဖြူးချရန် ဖြစ်ပါတယ်။ ပြီးတော့ ဂျမ်းတုံးအုပ်ရပါမယ်။

 

၅။ မျိုးစေ့မချမီ တစ်ရက်ကြိုတင်၍ တစ်ဧကစပါး (၈) ပြည်ကို ရေးဆေးအဖျဉ်း အမှော်ဆယ်ပြီးက ဆား (၃) ပိဿာ ရေမှာ စပါးရှစ်ပြည်ကို ငါးမိနစ်စိမ်ပြီး မွှေပေးပါ။ အပေါ်တက်လာသမျှ လုံးပိန်လုံး ညှစ်ဖယ်ပါ။ ထပ်ခါမွှေ၊ ဆယ်ပြီးကုန်သွားလျှင် ရေကြည်သုံးကြိမ်ဆေး၍ အရိပ်ထဲတွင်ရေစစ်ထားပြီး နောက်နေ့ချရန် အသင့်မျိုးစေ့ဖြစ်ပါပြီ၊ ဒသမ (၂၀) တစ်ကွက်ချင်း ဆိုလျှင် ဆားအချိုး (၇၅) ကျပ်သားဖြစ်ပြီး မျိုးစေ့ အချိုးနို့ဆီ (၁၂) ဗူးဖြစ်ပါတယ်။ အထွက်တိုးစပါးဆိုလျှင် မိမိရေမြေနဲ့ကိုက်ညီပါက ဘယ်စပါးမျိုးဖြစ်ဖြစ် စိုက်ပျိုးနိုင်ပါတယ်။ မျိုးသန့်ဖြစ်ဖို့တော့လိုပါမယ်။

 

၆။ စိုက်ပျိုးပြီး ရက် (၂၀) သားအရတွင် ရေကြိုတင်၍ ပါးပါးသွင်းပါ။ ရေခန်း၊ ရေဖန့်သည့်အခါ နွားချေး တစ်ဧက ၂ / ကို ကျဲပက်ပြီး ပထမအကြိမ် တမန်းနှိုးပေါင်းထိုးပါ။ ကပ်ထယ်ကို အသုံးပြုပါ။

 

၇။ ပထမအကြိမ်နှင့် (၁၄) ရက်သားအကွာတွင် ရေပါးပါးသွင်းပါ။ ရေခန်း၊ ရေဖန့်သည့်အခါ နွားချေး တစ်ဧက ၂ / ကို ထပ်မံကျဲပက်ပြီး ဒုတိယ အကြိမ် တမန်းနှိုးပေါင်းထိုးပါ။ ပေါင်းကျန်များ အပြောင်အစင်နုတ်ပါ။

 

၈။ အနှံသန္ဓေလောင်းဝင်ချိန်တွင် အောင်ရေပေးပါ။

 

၉။ စိုက်ပျိုးပြီးစမှ တမန်းနှိုးပေါင်းမထိုးမီ၊ တမန်းနှိုးပေါင်းထိုး နှစ်ကြိမ်အကြားနဲ့ အောင်ရေမပေးမီ ကြားကာလများမှာ မြေစိုက ရေတင်ရန်မလိုကြောင်း သတိပြုပါလေ။

 

mdn

 

အပင်ပွား စံချိန်မမီ အထွက်နှုန်း

 

စိုက်ပျိုးထားသော စပါးတန်းများ၌ ၁၄ လက်မပတ်လည် စံဖမ်းရေတွက်ရာမှာ ၁၆၆ ပင်နှုန်းရှိတာကို တွေ့ရှိရပါတယ်။ SRI နည်းဖြင့် ပြောရလျှင် အပင်ပွား ၄၀ နှုန်းဖြစ်ပါတယ်။ အပင်ပွား ၆၀ နှုန်းရှိမှ စံချိန်မီပါတယ်။

 

အပင်ပွားစံချိန်မမီရခြင်းမှာ ယခုပစ္စက္ခအတွေ့အကြုံအရ စပါးမျိုးစေ့ဆားရေမစိမ်ခဲ့ခြင်း၊ တမန်းနှိုးပေါင်းထိုးပါ။ နှစ်ကြိမ်တွင် လုံးဝရေတင်မပေးခဲ့ခြင်းနှင့် သဘာဝမြေသြဇာ အသုံးနည်းခဲ့ခြင်းကြောင့်ဟု သုံးသပ်ပါတယ်။ အပင်ပွား ၄၀ နှုန်းမှာ တစ်ဧက ၆၅ တင်း ထွက်ရှိခဲ့ပါတယ်။

 

အရှုံးအမြတ် ကိန်းဂဏိန်းချကြည့်ရအောင်

 

စပါးအထွက်နှုန်း ၆၅ တင်း = ၂၆ဝဝဝဝ ကျပ်

စပါး ၁၀၀ ကျပ် ၄ သိန်းဈေး

စရိတ်ကုန်ကျမှုကျပ် = ၁၀၀၀၀၀ ကျပ်

အမြတ်ငွေ = ၁၆၀၀၀၀ ကျပ်

 

ဤအမြတ်ငွေကိန်းဂဏန်းကို ကြည့်ပြီး လယ်သမားများ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်နိုင်ကြမှာပါ။ အပင်ပွားစံချိန်မီအောင် ကြိုးစားလျှင် စပါးအထွက်တိုးပါမယ်။ စပါးအထွက်တိုးလျှင် အမြတ်ငွေများများ ကျန်မှာမလွဲပါ။

 

အားသာချက်များ

 

၁။ သမားရိုးကျစိုက်ပျိုးနည်းထက် SRI နည်းဖြင့် စပါး စိုက်ပျိုးခြင်းက အားသာ၍ SRI နည်းထက် စရိတ် ကျဉ်းနည်းက ပိုမိုအားသာပါတယ်။

 

၂။ စရိတ်တစ်ဝက်သက်သာ၍ အမြတ်ငွေများများကျန်ရှိခြင်း။

 

၃။ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး မသုံးသဖြင့် အော်ဂဲနစ်သီးနှံစစ်စစ်ဖြစ်၍ စားသုံးရာတွင် အန္တရာယ်မရှိဘဲ အာဟာရပြည့်ဝစွာ စားသုံးရခြင်းနှင့် ကိုယ်ခံအားကောင်းစေခြင်း။

 

၄။ သက်သာသော ကုန်ကျစရိတ်ငွေများကို အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ခြင်း။

 

၅။ စရိတ်ကျဉ်းနည်းဖြင့် စိုက်ပျိုးသမျှ ကောက်ပင်များမှာ SRI နည်းဖြင့် စိုက်ပျိုးသည့် ကောက်ပင်များလို ခိုင်မာသဖြင့် ပြင်းထန်သည့် လေဒဏ်၊ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး ပိုးမွှားဒဏ်ကိုလည်း ခံနိုင်ရည်ရှိခြင်း။

 

၆။ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝ(လုံးဝ)မရှိသဖြင့် ပတ်ဝန်းကျင်ကို အကျိုးပြုခြင်း။

 

၇။ ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး မသုံးသဖြင့် မြေကြီးအဆိပ်သင့်ဒဏ်မှ ကင်းလွတ်ခြင်း။

 

၈။ မြေကြီးအဆိပ်မသင့်သဖြင့် သီးနှံအကျိုးပြု အဏုဇီဝကောင်များ ပိုမိုရှင်သန်၍ နှစ်စဉ်မြေဆီလွှာအကောင်းဘက်သို့ မြင့်တက်လာစေခြင်း။

 

၉။ ဆိုးရွားဆုတ်ယုတ်လာတဲ့ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်းတို့ ဖြစ်ပါတယ်။

 

အကူအညီလိုအပ်

 

နိုင်ငံတော်အစိုးရကိုယ်စား ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနများက စက်သုံးရေတွင်း မရှိသေးသော နေရာများတွင် ၂ လက်မ၊ ၃ လက်မ ကွန်နဆာတွင်းများ တူးဖော်ပေးရန်။ ။

 

ဦးကြီးဝိုင်းတို့တိုင်းဒေသကြီးအတွင်းက စိုက်ပျိုးရေးဌာနများကလည်း စရိတ်ကျဉ်းအထွက်တိုး စပါးစိုက်ပျိုးရေးကို လယ်သမားနှင့် တွေ့ဆုံအတည်ပြုပြီး အဆိုပါစနစ် ကျယ်ပြန့်အောင် ဖြန့်ဝေခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးရန်။

 

လုပ်ငန်းရှင်အသင်းကြီးများဖြစ်သော မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်မှု လုပ်ငန်းရှင်များအသင်း၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်များအသင်းတို့က စရိတ်ကျဉ်းစပါးအထွက်တိုး စိုက်ပျိုးရေး၏ အဓိကသွင်းအားစု (သို့) အဓိကလက်နက် ဖြစ်သော တမန်းပေါင်းထိုး စက်ကိရိယာများ တီထွင်ထုတ်လုပ်ပေးခြင်း၊ နိုင်ငံခြားမှ စံချိန်ကိုက်စက်များ မှာယူတင်သွင်းခြင်းများ ပြုလုပ်၍ ကူညီကြရန် လိုအပ်ပါတယ်။

 

တမန်းနှိုးပေါင်းထိုးစက်များသည် -

 

၁။ လယ်သမားများ၏ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆွဲဆောင်ပေးနိုင်ပါသည်။

 

၂။ လူ့လုပ်အားဖြင့် သုံးရက်လုပ်ရမည့်နေရာမှာ စက်အားဖြင့် နေ့ဝက်နဲ့ပြီးနိုင်သဖြင့် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ခြင်း။

၃။ စိုက်ကွက်များ တိုးချဲ့စိုက်ပျိုးနိုင်ခြင်း။

 

၄။ တမန်းနှိုးပေါင်းထိုးကောင်းရင် အပင်ပွား စံချိန်မီရပါမယ်၊ အပင်ပွားစံချိန်မီရင် အထွက်နှုန်း စံချိန်မီရမယ်၊ အထွက်နှုန်းစံချိန်မီလျှင် အမြတ်ငွေများများကျန်ရှိခြင်း။

 

၅။ အခြားသော ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီး ဟင်းရွက်စိုက်ခင်းများတွင်လည်း အသုံးပြုနိုင်သဖြင့် ကုန်ကျစရိတ်များ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အထူးကူညီကြပါ။

* ကိုယ့်စေတနာ၊ ကိုယ့်မေတ္တာကြောင့်၊ သူ့မှာအောင်ပန်း၊ ဆွတ်ကာလှမ်းတော့ ရွှင်လန်းဝမ်းသာရ ဆိုတဲ့ ယောဆရာတော်ရဲ့ အာဘော်အရ ရွှင်လန်းဝမ်းသာစွာ အကူအညီပေးကြပါခင်ဗျား။*

 

နိဂုံးဆိုရသော်

လယ်ယာစိုက်ပျိုးရေးကို မဏ္ဍိုင်ပြုပြီးဆောင်ရွက်ကြရာမှာ ပြည်တွင်းပြည်ပ ဆန်စပါးဈေးကွက် အတက်အကျမရှိ တည်ငြိမ်နေပြီး ထုတ်လုပ်မှုစရိတ် မြင့်တက်ကာ လယ်သမားများ အရှုံးပေါ်နေရခြင်းကို စရိတ်ကျဉ်းစပါး အထွက်တိုး စိုက်ပျိုးရေးနည်းစနစ်ကို အစားထိုး၍ တွင်ကျယ်အောင် ဆောင်ရွက်ခြင်းဖြင့် အရှုံးသက်သာရုံမက အမြတ်များများ ပေါ်ထွက်ကာ ၇ဝ ရာခိုင်နှုန်းသော လယ်သမားများရဲ့ ဘဝတစ်ဆစ်ချိုးမြင့်တက်လာမှာ ဧကန်မလွဲပါ။

 

၇၀ ရာခိုင်နှုန်းသော လယ်သမားများရဲ့ ဘဝ မြင့်တက်လာခြင်းဖြင့် နိုင်ငံရဲ့စီးပွားရေး ဦးမော့လာကာ အမှီအခိုကင်းသော စီးပွားရေး ပိုင်ဆိုင်ရရှိကြပြီး နိုင်ငံရေးအရ ခြယ်လှယ်မှုမှန်သမျှလည်း လွတ်ကင်းကြ ရမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် လယ်သမားများကလည်း စရိတ်ကျဉ်း စပါးအထွက်တိုးနည်းစနစ်ကို ဇောင်းပေးလေ့လာပြီး ကိုယ့်အားကိုယ် များများကိုးကာ ကြိုးစားစိုက်ပျိုးကြရန် လေးနက်စွာ တိုက်တွန်းလိုက်ရပါကြောင်း ခင်ဗျား။

 

မြန်မာပြည်သူ ပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကိုဗစ်ကပ်ရောဂါမသန်း ကြည်လင်အေးချမ်းကြပါစေ သတည်း။

 

ဤဆောင်းပါးဖြင့် ဦးသိန်းဆု သိန်းဆု (စိုက်ပျိုးရေး တက္ကသိုလ်) အား ဂုဏ်ပြုအပ်ပါသည်။