ကမ္ဘာ့ဖလားပြိုင်ပွဲဆီမီးဖိုင်နယ်မှ ဇူလိုင် ၁၅ ရက် နံနက် ၁ နာရီခွဲက ဒါးလပ်စ်ကွင်း၌  ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်နှင့် စပိန်အသင်းပွဲစဉ်တွင် စပိန်အသင်းက နှစ်ဂိုးပြတ် နိုင်ပွဲရရှိပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း  ကမ္ဘာ့ဖလားဗိုလ်လုပွဲ သို့ တက်လှမ်းနိုင်ခဲ့သည်။

အဆိုပါနိုင်ပွဲကြောင့်  စပိန်အသင်းသည် နည်းပြလူးဝစ်ဒီလာဖွန်တေးလက်ထက်တွင်  သာမန်ပွဲကစားချိန်အတွင်း ၃၇ ပွဲဆက်မရှုံးနိမ့်အောင် ကစားထားနိုင်ခဲ့ပြီး အီတလီအသင်း၏ အရှည်ကြာဆုံးစံချိန်ကို လိုက်မီခဲ့ပြီဖြစ်သည်။ လူငယ်ကစားသမား လာမင်း ယာမဲလ်သည်   ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲတွင် စပိန်အသင်းအတွက်  ပွဲထွက်ကစားသမားအဖြစ် ကစားထားသည့် ၁၂ ပွဲတွင် ရှုံးပွဲကြုံတွေ့ထားခြင်းမရှိသေးသည့်  မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။ 

ထို့အပြင် စပိန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း ခြောက်ပွဲ ဂိုးမပေးရအောင် စွမ်းဆောင် နိုင်ခဲ့သည့် ပထမဆုံးအသင်းအဖြစ်  မှတ်တမ်းဝင်ခဲ့သည်။  ပြင်သစ်အသင်းသည် စပိန်အသင်း၏ တုံ့ပြန်ကစားမှုအောက် ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ရှုံးပွဲကြုံတွေ့ကာ ဗိုလ်လုပွဲတက်လှမ်းခွင့်  လွဲချော်ခဲ့ရပြီဖြစ်သည်။

စပိန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် အာဂျင်တီးနားအသင်းတို့ထဲမှ  အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                                                 

အောင်ဇော်