Covid-19 ထိန်းချုပ်ကာကွယ်နိုင်ရန် မြို့အဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက် 

ဆီဆိုင်       ၃၁   မတ်     

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကူးစက်ပြန့်ပွားလားခြင်း မရှိစေရေးအတွက် နေ့စဉ်အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မတ် ၃၁ ရက် နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်ပေါက်တွင် ပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းသက်နောင်၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းအဖွဲ့က အခြားဒေသနှင့် နိုင်ငံရပ်ခြားပြန်ခရီးသွားပြည်သူများအား ကိုယ်ရေးအချက်အလက်များ ကောက်ယူစစ်ဆေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လူထူထပ်သောနေရာများ မသွားဖို့၊ အရေးကြီးကိစ္စမှလွဲ၍ အိမ်အပြင်မထွက်ဖို့၊ ဆိုင်ကယ်စီးရင်လည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့နှင့် Mask တပ်ဖို့ စသည်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)