မန္တလေး ၂ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးကြပ်၍ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအသင်း၏ ပံ့ပိုးကူညီမှုဖြင့် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး သံသယရှိလူနာများ လက်ခံပြုစု စောင့်ရှောက် ပေးနိုင်ရေးအတွက် မန္တလေးချမ်းမြသာစည်မြို့နယ် ၇၃ လမ်း မန္တလာသီရိ အားကစားကွင်းရှိ ဘက်စုံအားကစားခန်းမတွင် Facility Quarantine Center အဖြစ် ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် သွားရောက်ကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းတို့က အခန်းများဖွဲ့စည်းမှု၊ ကျန်းမာရေးသုံးပစ္စည်းများ တပ်ဆင်မှု၊ အိပ်ရာအိပ်ခင်းများ ပြင်ဆင်မှု၊ လျှပ်စစ်မီးနှင့် ရေရရှိမှု၊ Quarantine ဝင်နေသူများ၏ အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိရန် စီစီတီဗီများ တပ်ဆင်ထားမှု၊ ထိန်းချုပ်ခန်းမ ှစောင့်ကြည့်မှုတို့အား ရှင်းလင်းတင်ပြသည်။
မန္တလာသီရိ ဘက်စုံအားကစားရုံကို Quarantine Center အဖြစ် အသုံးပြုရန် စေတနာရှင်များက ပံ့ပိုးကူညီပေးပြီး သံသယရှိ လူနာ ၂၀၀ ကျော် လက်ခံပြုစုစောင့်ရှောက် ပေးနိုင်မည်ဖြစ်သည်။ မန္တလေးမြို့တွင် ပိုးတွေ့လူနာများအား ကန်တော်နဒီ ဆေးရုံ၊ ကုတင်(၃၀၀) သင်ကြားရေးဆေးရုံနှင့် တိုင်းရင်းဆေးရုံ (မန္တလေး)တို့တွင် လက်ခံကုသပေးလျက်ရှိပြီး မန္တလေးအလုပ်သမား ဆေးရုံကြီးတွင် လည်း ကုသပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မောင်ပြည်သူ(မန္တလေး)


