Covid-19 ကာကွယ်ရေးအတွက် မြိတ်မြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် နေရပ်ပြန်(၂၄)ဦးအား ကျန်းမာရေး စစ်ဆေးပြီး  Facilitie Quaratine ဖြင့် စောင့်ကြပ်ကြည့်ရှု

မြိတ်   ၃၁   မတ်  

Covid-19 ရောဂါ ကာကွယ်ရေးအတွက် မြိတ်မြို့သို့ မတ်လ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦး၊ သင်္ဘော၊ မော်တော်ကားဖြင့် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာသော နေရပ်ပြန် (၁၇)ဦးနှင့် မွန်းလွဲပိုင်းတွင် ရောက်ရှိလာသော နေရပ်ပြန်(၇)ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးပြီး အေးရိပ်ချောင် မဟာစည်ရိပ်သာဘုန်းတော်ကြီးကျောင်းတွင် Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြိတ်မြို့သို့ မော်တော်ကားဖြင့်ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးမှာ ပြင်သစ်နိုင်ငံသား(၂)ဦး၊ ကနေဒါ နိုင်ငံသား(၁)ဦးနှင့် စပိန်နိုင်ငံသား(၁)ဦးတို့ဖြစ်ကြပြီး နေရပ်ပြန်(၂၄)ဦးမှာ မလေးရှားနိုင်ငံမှ ပြန်လာသော စားဆီသင်္ဘောမှ(၁၃)ဦး၊ ထိုင်းနိုင်ငံမှမော်တော်ကားဖြင့် ပြန်လာသူ(၄)ဦး၊ ထိုင်းနိုင်ငံမှစားသောက်ကုန်သင်္ဘောဖြင့်ရောက် ရှိလာသူ(၇)ဦး စုစုပေါင်း(၂၈)ဦးကို သင်္ဘောဆိပ်နှင့် ကားဂိတ်တို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးမြတ်ကိုကို နှင့် ကျန်းမာရေးစစ်ဆေးရေးအဖွဲ့များက သင်္ဘောဆိပ် နှင့် ကား ဂိတ်သို့သွားရောက်ကာ ကျန်းမာရေး စစ်ဆေးခဲ့ကြပြီး Facility Quaratine စောင့်ကြပ်ကြည့်ရှုရန် ခေါ်ယူခဲ့ကြသည်။

“နေရပ်ပြန်များအနေဖြင့် မြိတ်မှာနိုင်ငံခြား သွားရောက်အလုပ်လုပ်တာများပါတယ်။ နေရပ်ပြန်လာကြသူများကို စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးပါတယ်။ ရပ်ကွက်ကျေးရွာများသို့ နေရပ်ပြန်များရောက်လာလို့ရှိရင် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာအဖွဲ့မှ စစ်ဆေးနေတာရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ Home Quaratine ဖြင့် စောင့်ကြည့်လျက်ရှိပြီး အခုနောက်ပိုင်း  Facility Quaratine အဆောင် တွေဖွင့်ပြီဖြစ်တဲ့အတွက် နောက်ပိုင်းဝင်လာမယ်သူတွေကို Facility Quaratine အဖြစ် စခန်းတွေမှာ (၁၄)ရက်စောင့်ကြည့်ဖို့ စီစဉ်ထားပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်ကပြောသည်။

မြိတ်မြို့သို့ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် နေရပ်ပြန်(၂၄)ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ၄င်းတို့ကို ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများမှ စောင့်ရှောက်ပေးလျက်ရှိကာ အေးရိပ်ချောင်ရိပ်သာ ဆရာတော် ဦးဆောင်မှုဖြင့် စေတနာရှင်များက ကျွေးမွေးဆောင်ရွက်လျက်ရှိသည်။ မြိတ်မြို့တွင် မြိတ်ခရိုင် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးဦးစီးကော်မတီမှ Facility Quaratine စခန်းများဖွင့်လှစ်ရန် ကြိုတင်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုမည့် နိုင်ငံခြားသားများ နှင့် နေရပ်ပြန်များကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး မြိတ်ခရိုင်Covid 19 ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီ မှ Facility Quaratine စခန်းများဖွင့်လှစ်ရန်စီစဉ်ထားသောနေရာများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။ မြိတ်မြို့တွင် Covid 19 သံသယလူနာနှင့် ဆေးရုံစောင့်ကြည့်လူနာမရှိပါကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

ခိုင်ထူး(မြိတ် ပြန်/ဆက်)