နေပြည်တော် ၆ ဧပြီ
စေတနာရှင်ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းအလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများပေးအပ်လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ လှူဒါန်းမှုများကို လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများကလှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ညီညီညွတ်ညွှတ်ဖြင့် စုစည်းလုပ်ဆောင်နေမှုများ၊ လှူဒါန်းပံ့ပိုးမှုများသည် မိမိတို့နိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လှူဒါန်းသည့် လှူဒါန်းငွေများ၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများကို အကျိုးရှိ ထိရောက်စွာ အသုံးချသွားမည်ဖြစ်ပြီး ဆေးပစ္စည်းကိရိယာများကို ယခု ကိုဗစ်-19 လူနာများအတွက်သာမက နောင်ကာလများတွင် အထူးကြပ်မတ်ကုသဆောင်များ၌ ထားရှိကုသရမည့် အခြားလူနာများအတွက် အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)တို့က အလှူရှင်များ၏ ပေးအပ်လှူဒါန်းမှုများကို လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီက ငွေကျပ် သိန်း(၃၀)၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်(အင်္ဂလီကန်)က ငွေကျပ်သိန်း(၇၀)၊ ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ငွေကျပ်သိန်း(၆၀)၊ ဦးနော အောက်မေ့ဖွယ်ရာ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်က ငွေကျပ်သိန်း(၅၀)၊ ရန်ကုန်ယုဝတီခရစ်ယာန်အသင်း (Yangon YWCA) က ငွေကျပ် (၂၂ ဒသမ ၈) သိန်း၊ မြန်မာနိုင်ငံ ခရစ်ယာန် ကျန်းမာရေးလုပ်သားများအသင်း (MCHWA) က ငွေကျပ် (၃) သိန်း၊ The Salvation Army ကယ်တင်ခြင်းတပ် အသင်းတော်က ငွေကျပ်(၁၅ ဒသမ ၂)သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်က ငွေကျပ်(၁၀၈)သိန်း၊ ဂေါ်ရခါးလူမှုကူညီရေးအသင်း (မြန်မာ)က ငွေကျပ်သိန်း (၃၀)၊ PMA Care က ငွေကျပ်သိန်း(၅၀)နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးဘဏ်က ငွေကျပ်သိန်း(၁၅၀) တို့ကို ပေးအပ်လှူဒါန်းကြသည်။
အလားတူ နံနက်ပိုင်းက ရှမ်းပြည်နယ် ရွာငံမြို့နယ် မိန်းမရဲသခင်မတောင်မှ မဟာဂန္ဓာရီသာသနာပြု ယောက်ကော်ဆရာလေးက ငွေကျပ်သိန်း (၁၀၀) ၊ ဦးဌေးဦး (ဌေးဝင်္ဂဘာကုမ္ပဏီလီမီတက်)က ငွေကျပ်သိန်း(၂၀)၊ ဒေါက်တာမသဇင် (နတ်ရေကန် ဆေးခန်း) က ငွေကျပ်(၁၀)သိန်း၊ ဦးအောင်ကောင်း+ဒေါ်အေးအေးနွဲ့ မိသားစုက ငွေကျပ် (၅)သိန်းတို့ကို လာရောက်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


