စဉ့်ကိုင် အောက်တိုဘာ ၂
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့ နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဆက်လက်ကောက်ယူလျက်ရှိသည်။
ထိုသို့ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်း ကောက်ကွက်များမှ လူဦးရေနှင့် အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာများ အချက်အလက် (၆၈)ချက်အား မေးမြန်းကောက်ယူလျက်ရှိရာ CAPI နည်းပညာဖြင့် Tablet အသုံးပြု ကောက်ယူခြင်းဖြစ်ပြီး ကျောက်ဆည်ခရိုင် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စဉ့်ကိုင်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၈)အုပ်စု၊ ကျေးရွာပေါင်း (၁၆၃)ရွာရှိ စာရင်းကောက်ကွက်ပေါင်း (၄၁၆)ကွက်၊ စာရင်းကောက်အဖွဲ့ပေါင်း (၃၁)ဖွဲ့ဖြင့် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ စာရင်းကောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)


