မန္တလေး ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် စိုက်ဧက ၁၁၅၇ ဧက စိုက်ပျိုးထားရှိရာ စဉ့်ကိုင်မြို့နယ်တွင် ၅၆ ဧက စိုက်ပျိုးထားရှိကြောင်း၊ ဆောင်းမြေပဲသီးနှံများကို ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ တူးဖော်လျက်ရှိပြီး စဉ့်ကိုင်မြို့နယ်တွင် ၃၅ ဧက တူးဖော်ပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ဆောင်းမြေပဲသီးနှံကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ကြကြောင်း၊ စိုက်ပျိုးရာတွင် ပင်ထောင်မြေပဲမျိုးများကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၅၃၀၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ၄၆ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများနှင့် ဒေသတွင်းဆီစက်လုပ်ငန်းရှင်များက ကျေးရွာများသို့ လာရောက်ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက် ရှိသည်။ မြေပဲစိုက်ပျိုးခြင်းသည် စားသုံးဆီဖူလုံသည့်အပြင် ဈေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
သတင်းရင်းမြစ်- စီးပွား/ ကူးသန်း