စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ၁၃ မေ

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၅) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် တတိယအသုတ်အဖြစ် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ၁၃-၅-၂၀၂၀ ရက်၊ မွန်းလွဲပိုင်း ၀၃:၁၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့် အညီ သီးခြားသတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံး၊ စင်ကာပူမြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသား (၁၄၄) ဦးအား ပထမအသုတ်အဖြစ် ၇-၅-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ်အဖြစ် (၁၄၄) ဦး အား ၉-၅-၂၀၂၀ ရက်နေ့တွင်လည်းကောင်း ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ တတိယအသုတ်အဖြစ် ယနေ့ ပြန်လည်ရောက်ရှိလာသူများ အပါအဝင်စုစုပေါင်း (၄၃၃) ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

 

ဆက်လက်၍ ၁၆-၅-၂၀၂၀ ရက်နေ့တွင် စတုတ္ထအသုတ်အဖြစ် မြန်မာနိုင်ငံသား (၁၄၆) ဦးခန့်အား ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

 Ref; Ministry of Foreign Affairs Myanmar