စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအား မကြာမီ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပြုမည်

စင်ကာပူ  ၈   ဩဂုတ်

စင်ကာပူနိုင်ငံအတွင်းရှိ နိုင်ငံခြားသားအလုပ်သမား အားလုံးနီးပါးကို ဗိုင်းရပ်စ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်အတွက် မကြာမီအချိန်တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်ပြုပေးမည် ဖြစ်ကြောင်း အာဏာပိုင်များက ယနေ့ ပြောကြားခဲ့သည်။

စစ်ဆေးမှုများ ပြုလုပ်

နိုင်ငံအတွင်းရှိ နိုင်ငံခြားသားအလုပ်သမားအများစု နေထိုင်သည့်အဆောင်များကို ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုရှိ၊မရှိ အာဏာပိုင်များက လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ နိုင်ငံခြားသား အလုပ်သမားများကိုလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံထားခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်ပွားမှုသည် အလုပ်သမားများနေထိုင်သည့် အဆောင်များမှ ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် ဧပြီလမှစတင်ပြီး ဗိုင်းရပ်စ်ကူးစက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူများ၏ ၉၀ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားအလုပ်သမားများဖြစ်ကြောင်း တွေ့ရှိရသည်။ နိုင်ငံအတွင်းရှိ အဆောင်များတွင် နိုင်ငံခြားသား အလုပ်သမား သုံးသိန်းဝန်းကျင် နေထိုင်လျက်ရှိသည်။

နိုင်ငံခြားသားအလုပ်သမားများအကြား ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ မြင့်တက်လာခြင်းမှာ အဆောင်များ၏ အိပ်ခန်းများ၊ အများသုံးအိမ်သာများနှင့် ရေချိုးခန်းများသည် နေရာကျယ်ဝန်းမှုမရှိခြင်း၊ သန့်ရှင်းမှုမရှိခြင်းတို့ ကြောင့်ဖြစ်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

စင်ကာပူနိုင်ငံသည် နိုင်ငံခြားသား အလုပ်သမားအင်အားကို အဓိကမှီခိုအားထားလျက် ရှိသည့်အတွက် နိုင်ငံခြားသား အလုပ်သမားများနေထိုင်ရန် နေရာကျယ်ဝန်းပြီး သန့်ရှင်းမှုရှိသော လူနေအဆောင်များ ထပ်မံတည်ဆောက်ပေးရန် စင်ကာပူအစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသားအလုပ်သမားများ အားလုံးနီးပါး ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည့်အတွက် ရောဂါပိုးကူးစက်မှုမရှိသည့် နိုင်ငံခြားသား အလုပ်သမားများအား လုပ်ငန်းခွင်သို့ မကြာမီ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

စင်ကာပူနိုင်ငံတွင် လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၄၇၉၇ ဦးရှိပြီး သေဆုံးသူ ၂၇ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၄၈၃၁၂ ဦးရှိကြောင်း သိရ သည်။

ကိုးကား-အင်န်အိတ်ခ်ျကေ

ဘာသာပြန်- အောင်ကျော်ကျော်