စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၆၂ ဦး ထပ်မံတွေ့ရှိ

စင်ကာပူ မေ ၈

 

စင်ကာပူနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၃၁၆၂  ဦး ထပ်မံစစ်ဆေး တွေ့ရှိရသည့်အတွက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၂၁၅၄၉၉ ဦး ရှိလာကြောင်း စင်ကာပူ  ကျန်းမာရေးဝန်ကြီး ဌာနက ယနေ့သတင်းထုတ်ပြန်သည်။

 

ရောဂါတွေ့ရှိခြင်းဖြစ်

 

ပြည်တွင်း  ကူးစက်ခံရသူများ အနက် ၃၆၅  ဦးသည်  ရောဂါ ကွင်းဆက်တုံ့ပြန်မှုဖြင့်  စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး ၂၇၉၇ ဦးသည် ရောဂါ ရှိ၊ မရှိ လျင်မြန်စွာစစ်ဆေးသည့် နည်းလမ်းများဖြင့် ရောဂါတွေ့ရှိခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏  ထုတ်ပြန်ချက်အရ  သိရသည်။

 

ရောဂါကွင်းဆက်တုံ့ပြန်မှုဖြင့် စစ်ဆေးတွေ့ရှိသူများအနက် ၃၄၀ သည်  ဒေသတွင်း  ကူးစက်ခံရသူ များဖြစ်ပြီး  ၂၅  ဦးသည်  နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။ ထို့ပြင် ရောဂါ ရှိ၊ မရှိ လျင်မြန်စွာ စစ်ဆေးသည့် နည်းလမ်းများဖြင့် ရောဂါတွေ့ရှိ သူများအနက်  ၂၆၀၇  ဦးသည် ဒေသတွင်း ကူးစက်ခံရသူများ ဖြစ်ပြီး ၁၉၀ သည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

 

ရောဂါပြင်းထန်စွာခံစားနေရ

 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇  ဦးသည် ဆေးရုံများ၌  ဆေးဝါးကုသမှုခံယူ လျက်ရှိပြီး ယင်းတို့အနက် ငါးဦးသည် ရောဂါပြင်းထန်စွာ  ခံစားနေရကြောင်း သိရသည်။

 

လွန်ခဲ့သော  ၂၄  နာရီအတွင်း ရောဂါကူးစက်မှုကြောင့် လေးဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါ ကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၁၃၅၀ ရှိပြီဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်