စင်ကာပူနိုင်ငံ၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်

စင်ကာပူ သြဂုတ် ၃၀

လက်ရှိအချိန်အထိ စင်ကာပူနိုင်ငံ၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီး အွန်ယီကန်က ယနေ့ပြောသည်။

ယင်းသို့ နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် ကာကွယ်ဆေးထိုးနှံမှုပြီးစီးခြင်းသည် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်ကြောင်း ဝန်ကြီး အွန်ယီကန်က ဆိုသည်။

ရက်သတ္တတစ်ပတ်လျှင် အိမ်ထောင်စု ၇၀၀ ခန့် အား အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပေးသည့် ဆရာဝန်များနှင့် သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း ဝန်ကြီး အွန်ယီကန်က ဆိုသည်။

စက်တင်ဘာလမကုန်မီ အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ဆောင်ရွက်မှုပြီးစီးရန် ကျန်းမာရေးဝန်ကြီးဌာနက မျှော်လင့်ထားသည်။

ပြည်သူ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်သည့်အတွက် လူအစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံရေးစင်တာများကို မကြာမီ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ နိုင်ငံအတွင်း၌ လွန်ခဲ့သော ၂၄ နာရီက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၃ ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုးကား-စီအင်န်အေ

ဘာသာပြန်-အောင်ကျော်ကျော်