စင်ကာပူအခြေစိုက် Green Urban Development ကုမ္ပဏီက အမြတ်ငွေ (၃) ရာခိုင်နှုန်းကို  ပြည်တွင်း လူမှုအကျိုးပြု လုပ်ငန်းများတွင် အသုံးပြုမည်

၅ ဒီဇင်ဘာ

 

စင်ကာပူအခြေစိုက် Green Urban Development ကုမ္ပဏီက အမြတ်ငွေ (၃)ရာခိုင်နှုန်းကို  ပြည်တွင်း လူမှုအကျိုးပြု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန (DICA)မှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာသည့် အမြတ် ငွေ (၂)ရာခိုင်နှုန်းကိုသာ  ပြည်တွင်း လူမှုအကျိုးပြုလုပ်ငန်းများအတွက် အသုံးပြုကြသော်လည်း Green Urban Development ကုမ္ပဏီအနေဖြင့် (၃)ရာခိုင်နှုန်း အသုံးပြုမည်ဟု အဆိုပြုလာကြောင်း ၎င်းက ဆက်ပြောသည်။

 

"လက်ရှိ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အချိန်အထိ တွေ့ဘူးတာ ၂ ရာခိုင်နှုန်းပဲ၊ ဒါပေမယ့် ဒီ Green Urban Development ကုမ္ပဏီက ၃ ရာခိုင်နှုန်း သုံးမယ်ဆိုပြီး ကြေညာထားတာ၊ ဒီဥစ္စာကို သူသုံးမယ် မသုံးဘူးဆိုတာတော့ နောက်ပိုင်းမှာ တဖြည်းဖြည်း ကြပ်မတ်ဆောင်ရွက်သွားရမှာ"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

လက်ရှိ စင်ကာပူအခြေစိုက် Green Urban Development ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၄၂ သန်းကို ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ  သိရသည်။

 

မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမည့်စီးပွားရေးလုပ်ငန်း များ၏ လူမှုအကျိုးပြုလုပ်ငန်း (CSR-Corporate Social Responsibility)ကို အလေးပေးလာကြောင်း၊ CSR  ဟူသည် ကျောင်းဆောက်ရန်၊ လမ်းခင်းရန်အတွက် ငွေလှူခြင်းကိုသာ လူအများသိကြပြီး အမှန်မှာ ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်မှုများမှတဆင့် လူမှုပတ်ဝန်းကျင်အတွက် ပြန်လည်အကျိုးပြုခြင်း၊ တာဝန်ခံခြင်းနှင့် အပြုသဘောဆောင်သော ရလဒ်များ ဖြစ်ပေါ်လာရေးကို လုပ်ဆောင်သည့် လုပ်ငန်း ဖြစ်ကြောင်း သိရသည်။

 

"CSR ဆိုရင် လှူတာကိုပဲ သိကြတာ၊ မဟုတ်ဘူး၊ ကျွန်တော်တို့က ပညာပေးတာ၊ လုပ်ငန်းခွင်မှာရှိတဲ့ အလုပ်သမားတွေ၊ သက်ဆိုင်ရာ ပတ်ဝန်းကျင်ကလူတွေကို ပညာပေးပြီးတော့မှ လူမှုဘဝမြှင့်တင်ပေးတဲ့ လုပ်ငန်းမျိုးတွေပြောတာ၊ တချို့ဆို ပညာသင်ပေးတယ်၊ တချို့ဆို ဆောင်ရန်ရှောင်ရန်နဲ့ Awareness တွေ လုပ်ပေးတယ်၊ လာပြီးတော့ ဘုန်းကြီးကျောင်းလှူတာတို့ လမ်းတံတားလှူတာတို့ ပြောတာ မဟုတ်ဘူး၊ ဒါသူတို့ရဲ့ ဆန္ဒပေါ့၊ ဒီဟာကိုလည်း ကျွန်တော်တို့က ဘယ်လောက်လှူရမယ်လို့ တားမြစ်ထားတာမရှိဘူး"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒနှင့် ကိုက်ညီမှု ရှိ မရှိ၊ သမ္မတရုံးနှင့် အစိုးရအဖွဲရုံးများမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိ မရှိ၊ ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် တာဝန်ယူမှု ရှိ မရှိ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များအနေဖြင့် မြို့ပြထိခိုက်မှု ရှိ မရှိ စသည့် အချက်များကို ဆန်းစစ်ကာ ခွင့်ပြုလျက် ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း-နယူးလိုက်