စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူး ဆောင်တံဆိပ်ရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်မှ ချီးမြှင့် အပ်နှင်းသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ရရှိခဲ့သူများ အား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သလ္လာဝတီလမ်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် စက်မှုဝန်ကြီးဌာနမှ အငြိမ်း စားအရာရှိကြီးများ၊ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူ ခဲ့သည့် အရာထမ်းကြီးများနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စွမ်းစွမ်းတမံဆောင် ရွက်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်မှ ဂုဏ်ထူးဆောင် ဘွဲ့များချီးမြှင့်ခဲ့သဖြင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ထပ်ဆင့်အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊

အငြိမ်းစားအရာရှိကြီးများအနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်နေမှုအပေါ် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဂုဏ်ထူး ဆောင် တံဆိပ်ရရှိသည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နိုင်ငံတော်မှချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ရရှိသည့် အငြိမ်းစားအရာရှိကြီးများနှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ဝန်ထမ်း များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိ သည့် ပုဂ္ဂိုလ်များကိုယ်စား စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူ (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးများနှင့် ဝန်ထမ်းများအနက်  နိုင်ငံတော်မှ သီရိပျံချီဘွဲ့(၂)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၅)ဦး၊ သိပ္ပကျော်စွာ ဘွဲ့(၁)ဦး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) (၈)ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) (၁)ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ် (ပထမဆင့်) (၄)ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) (၂)ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) (၁)ဦးနှင့် စီမံထူးချွန်တံဆိပ် (တတိယဆင့်) (၅)ဦး စုစုပေါင်း (၂၉)ဦးတို့ကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်