နေပြည်တော် ဇူလိုင် ၉

 

စိုက်ပျိုးရေးသုတေသနရလဒ်များ လက်တွေ့ အသုံးချမှုကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဗဟိုဌာနစုကွင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်း၊ တာဝန်ရှိသူ များ၊ သုတေသီပညာရှင်များ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စိုက်ပျိုးပညာရှင်ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။

 

ကွင်းသရုပ်ပြပွဲတွင် ဒုတိယဝန်ကြီးက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးရေးသုတေသနရလဒ်များ လက်တွေ့အသုံးချမှု ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် တက်ရောက်လာသူများနှင့်အတူ ခင်းကျင်းပြသထားသည့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲမည့်နည်းလမ်းများ၊ ထုတ်ဝေပြီး သီးနှံမျိုးသစ်များနှင့် စိုက်ပျိုးထားရှိသည့် စိုက်ခင်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနစုဝေးဆောင်ခန်းမ၌ ကျင်းပသည့် (၁၁၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်အားပေးပြီး စပါးသီးနှံ ပန်းတိုင်အထွက် ရရှိရန်အတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် နည်းပညာရပ် ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

 

(၁၁၆)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုချိုအောင်က “စပါးမျိုးများ၏ အရည်အချင်း လက္ခဏာများနှင့် ပန်းတိုင်အထွက်ရရှိရန်အတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြ ပြီး တောင်သူများ၏ မေးမြန်းချက်များအပေါ် အသေးစိတ် ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်