စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ အသုံးပြုခြင်းအပေါ် အသိပညာပေး ဆွေးနွေးဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

မဲခေါင်သိပ္ပံအထောက်အပံ့ဖြင့် မဲခေါင်ဒေသတွင်း ထုတ်လုပ်သူမှ စားသုံးသူအထိ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တလျှောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး နည်းပညာများဆိုင်ရာ သင်တန်း၏ အဆင့်-၂ အဖြစ် ဆောင်ရွက်သည့် "စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ အသုံးပြုခြင်းအပေါ် အသိပညာပေးဆွေးနွေးဖလှယ် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ မြတ်မင်္ဂလာဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက လယ်ယာကဏ္ဍတွင် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး၊ အသေးစားအငယ်စားနှင့် အလတ်စား လုပ်ငန်းများအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုနိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး၊ လယ်ယာသုံးစွန့်ပစ်ပစ္စည်းများ မွေးမြူရေးလုပ်ငန်း ဘေးထွက် ပစ္စည်းများ အသုံးပြု၍ ဇီဝစွမ်းအင် ထုတ်လုပ်ခြင်းကို ကျေးလက်နေပြည်သူများ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ၌တွင် ကျယ်စွာအသုံးပြုနိုင်ရေး ထည့်သွင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ Mekong Institute Program Manager Ms. Jian Wang က အဖွင့်အမှာစကား ပြောကြားသည်။

 

ဆွေးနွေးပွဲတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးအင်ဂျင်နီယာဌာန တို့မှ ပညာရှင်များက ရေအားလျှပ်စစ်နည်းပညာ၊ ဇီဝရုပ်ကြွင်းလောင်စာ၊ ဆိုလာနည်းပညာသုံး စနစ်၊ လေအားလျှပ်စစ်နည်းပညာ၊ ဒရုန်းအသုံးပြုခြင်းနည်းပညာနှင့် စိုက်ပျိုးထုတ်လုပ်မှု တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချခြင်းဆိုင်ရာ နည်းပညာရပ် စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးကြရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက မေးမြန်း ဆွေးနွေးခြင်း သုံးသပ်အကြံပြုခြင်းများ ဆောင်ရွက်ကြသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများတွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံကိန်းနှစ် အပိုင်းအခြား အလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအသုတ်မှ ပဉ္စမအသုတ်အထိ စိုက်ပျိုးရေးဦးစီးဌာန က စီမံကိန်း (၁၉) ခု ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ဆဌမ အသုတ်အနေဖြင့် စီမံကိန်း (၁၀) ခု တင်ပြထားခဲ့သည်။ ယခုကျင်းပသည့် စိုက်ပျိုးရေး ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ အသုံးပြုခြင်းအပေါ် အသိပညာပေး ဆွေးနွေးဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသည် ဆောင်ရွက်ဆဲစီမံကိန်း လုပ်ငန်းတစ်ခုအဖြစ် ပါဝင်ကြောင်း သိရသည်။

 

သတင်းစဉ်