စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ၂၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ဌာနတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် စက်မှုလယ်ယာ ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ဆုပေးပွဲအခန်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီးက နိုင်ငံတော် အစိုးရအနေနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေး ဦးတည်ချက်အတိုင်း ပြည်သူအားလုံး ကိုယ်လက်ခန္ဓာ ကျန်းမာဖွံ့ဖြိုးရန်အတွက် မြန်မာ့အားကစားကဏ္ဍ အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး ပြည်နယ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းပေါင်းစုံနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အသင်းအဖွဲ့လိုက် ကစားရသည့် ကစားနည်းဖြစ်သောကြောင့် စည်းလုံးညီညွှတ်စွာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်စိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်များဖြင့် ပူးပေါင်းကစားမှသာ အောင်မြင်မည့် ရလဒ်ကို လက်တွေ့ခံစား ရရှိကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်က ဒိုင်အဖွဲ့အတွက် အမှတ်တရ လက်ဆောင်များကိုလည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အကောင်းဆုံး အားကစားသမားဆုကိုလည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယဆုရ အသင်းကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒုတိယဆုရအသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ပထမဆုရ စက်မှုလယ်ယာ ဦးစီးဌာနအသင်းကိုလည်းကောင်း တစ်ဦးခြင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ပထမဒိုင်းဆုများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်